The Avengers, Captain America တို့၏ သရုပ်ဆောင် စကားလက်ဂျိုအန်ဆင်သည် နယူးယောက်တွင် အိမ်ငှားရန်အတွက် တစ်လလျှင် ကန်ဒေါ်လာ ၁၄၀၀၀ ကျော် (မြန်မာငွေ သိန်း ၁၇၀ ခန့်) ပေးရမည့် ကွန်ဒိုခန်းတစ်ခန်းအား ကြည့်ရှုခဲ့ကြောင်း နယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
စကားလက်ဂျိုအန်ဆင်သည် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် လူသိများသည်မှာ The Avengers(၂၀၁၂ ခုနှစ် )၊ Captain America: The Winter Soldier (၂၀၁၄ ခုနှစ်)၊ Avengers: Age of Ultron (၂၀၁၅ ခုနှစ်) နှင့် Captain America: Civil War (၂၀၁၆ ခုနှစ်) တို့ ဖြစ်ကြသည်။သွားရောက်ကြည့်ရှုခဲ့သည့် အခန်းမှာ နယူးယောက်မြို့ အရှေ့ ၈၃ လမ်း၊ အမှတ် ၄၅၀ ရှိ ၂၇ ထပ်အမြင့်ရှိသော ကွန်ဒိုမီနီယံအဆောက်အအုံရှိ အခန်းတစ်ခန်းဖြစ်သည်။
ယင်းအခန်းကို ၀ယ်ယူရန်ကြည့်ရှုခြင်းမဟုတ်ဘဲ ငှားရမ်းရန်အတွက်ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေသတင်းရပ်ကွက်၏ သတင်းများတွင် ဖော်ပြသည်။
စကားလက်ဂျိုအန်ဆင်ကြည့်ရှုခဲ့သည့် အခန်းမှာ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး စတုရန်းပေ ၁၉၃၄ ခန့်သာ ကျယ်ဝန်းသည့် အခန်းဖြစ်သည်။
အဆိုပါအခန်းကို ပရိဘောဂအစုံအလင်ဖြင့် ငှားရမ်းမည်ဆိုပါက တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ခန့်
(မြန်မာငွေ သိန်း ၂၀၀ ခန့်)ပေးရမည်ဖြစ်ပြီး ပရိဘောဂမပါဘဲ ငှားမည်ဆိုပါက တစ်လလျှင် ကန်ဒေါ်လာ ၁၃၉၉၅ ခန့် (မြန်မာငွေ ၁၇ သိန်းခန့်) ပေးရမည် ဖြစ်သည်ဟု ဆိုသည်။
အခန်း၏ မျက်နှာကျက်မှာ ၁၀ ပေခန့် အမြင့်ရှိပြီး ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသည့် ပြတင်းများ၊ သစ်မာသားကြမ်းခင်းများ၊ အ၀တ်အစားထားသိုသည့် အခန်းများပါဝင်သည်။
အဆောက်အအုံအတွင်းတွင် ကလေးကစားကွင်းနှင့် အားကစားလေ့ကျင့်ခန်းမတို့ ပါဝင်သည်။
စကားလက်ဂျိုအန်ဆင်သည် နယူးယောက်မြို့၊ ဆပ်ဖော့ခရိုင်ရှိကမ်းခြေဒေသတွင် နေအိမ်တစ်လုံးပိုင်ဆိုင်ထားပြီး အဆိုပါနေအိမ်အနီးတွင် ဂွင်းနက်ပက်ထရိုး၏ နေအိမ်လည်း တည်ရှိသည်။
အမေရိကန်သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော် စကားလက်ဂျိုအန်ဆင်ကို ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် မွေးဖွားပြီး ဟောလိဝုဒ်၏ လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးတစ်ဦးအဖြစ် စာနယ်ဇင်းများတွင် အကြိမ်ကြိမ်ဖော်ပြခဲ့ကြသည်။
အက်စ်ကွိုင်ယာမဂ္ဂဇင်းတွင်လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် ၂ ကြိမ်ဖော်ပြခံရသည့် တစ်ဦးတည်းသော သရုပ်ဆောင် ဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ အချက်အလက်များအရ စကားလက်ဂျိုအန်ဆင်သည် မြောက်အမေရိကတွင် ၀င်ငွေအရှာပေးနိုင်ဆုံး အမျိုးသမီးသရုပ်ဆောင်ဖြစ်ပြီး သူ၏ ရုပ်ရှင်များမှ ၀င်ငွေ ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ရရှိခဲ့ပြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)