ကာတာနိုင်ငံတွင် အယ်လ်ခေါရ် အမည်ရှိ အမြန်လမ်းမကြီးတစ်ခုကို ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံခန့် အကုန်အကျခံကာ ဖောက်လုပ်သွားရန်အတွက် ကာတာစည်ပင်သာယာရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနနှင့်တူရကီတက်ခ်ဖန်ဟိုးလ်ဒင်းဆောက်လုပ်ရေးတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၁၀ လမ်းသွားအဖြစ်ဖောက်လုပ်မည်ဖြစ်သည့် အမြန်လမ်းမကြီးသည် ၃၄ ကီလိုမီတာ (၂၁ မိုင်ကျော်ခန့်) ရှည်လျားမည်ဖြစ်ပြီးလူကူးခုံးကျော်နှင့် မြေအောက်လူကူးလမ်းတို့ ပါဝင်မည် ဖြစ်သည်။
လမ်းမကြီးတစ်လျှောက်လမ်းဆုံ၈ခုရှိမည်ဖြစ်ပြီး ခြေလျင်ခရီးသည်များ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်များအတွက်လည်း သီးသန့်လမ်းများ ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။
ယင်းအမြန်လမ်းမကြီးကို ၃၆ လအတွင်း အပြီးသတ်ဖောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။
ကာတာသည် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်နိုင်ငံဖြစ်ပြီး ကြီးမားသော ဆောက်လုပ်ရေးစီမံကိန်းများစွာ အကောင်အထည်ဖော်လျက်ရှိရာအဆိုပါစီမံကိန်းများအပြီးသတ်နိုင်ရေးအတွက်တူရကီဆောက်လုပ်ရေးကုမ္ပဏီတို့၏ ဆောက်လုပ်ရေးအတွေ့အကြုံ၊ အသိပညာတို့၏ အကူအညီရယူခဲ့ခြင်းလည်း ဖြစ်သည်။
“ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်လက်မှတ်ထိုးရေးဟာ တူရကီရဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။ ကာတာနဲ့ စီးပွားရေးဆက်နွှယ်မှုတွေ အဟုန်မြှင့်ဖို့လည်း လိုလားပါတယ်” ဟု တူရကီ ရေကြောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး အာမက် အာစလန်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)