အာရပ်စော်ဘွားများပြည်ထောင်စု၏မြို့တော် အဘူဒါဘီတွင် ဆောက်လုပ်ဆဲမိုးမျှော်တိုက်၏ ၂၈ ထပ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ စစ်သည်များပါဝင်ကူညီခဲ့ရကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါဆောက်လုပ်ဆဲ မိုးမျှော်တိုက်၏ ဘေးတွင် ဘိခ်ျရိုတာနာဟိုတယ်နှင့် အဘူဒါဘီဈေးဝယ်စင်တာတို့ တည်ရှိသည်။
လွန်ခဲ့သော ၁၈ လတာ ကာလအတွင်း အာရပ်စော်ဘွားများပြည်ထောင်စုရှိ မိုးမျှော်တိုက်များ မီးလောင်ကျွမ်းမှု ငါးကြိမ်ဖြစ်ပွားခဲ့ပြီး ယခုဖြစ်ရပ်မှာ နောက်ဆုံးဖြစ်ပွားသည့် ဖြစ်ရပ်လည်း ဖြစ်သည်။
အဆိုပါမိုးမျှော်တိုက်သည် ရုံးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် ရည်ရွယ်ဆောက်လုပ်လျက်ရှိသည့် အဆောက်အအုံဖြစ်ပြီး အပြီးသတ်လုနီးပါးရှိနေပြီ ဖြစ်သည်။
အဆောက်အအုံထိပ်ဖျားမှ မီးခိုးများတလိပ်လိပ်ထွက်လာသည်ကိုတွေ့ရပြီး မီးသတ်သမားများမှာ ရဟတ်ယာဉ်များဖြင့် ၂ နာရီခန့် ငြိမ်းသတ်ခဲ့ရသည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားသည်။
မိုးမျှော်တိုက်အတွင်း ပိတ်မိနေသည့် ဆောက်လုပ်ရေးလုပ်သားများ၊ အနီးရှိ ဇိမ်ခံဟိုတယ်ကြီးမှာ ဧည့်သည်များနှင့် ၀န်ထမ်းများကို အာရပ်စော်ဘွားများပြည်ထောင်စု၏ စစ်သည်များက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြရသည်။
ယခုလအစောပိုင်းကလည်း ဒူဘိုင်းရှိ ဆောက်လုပ်ဆဲမိုးမျှော်တိုက်တစ်ခုတွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့သည်။
ဇူလိုင်လအတွင်းကလည်း ဒူဘိုင်းရှိ ၇၅ ထပ်အမြင့်ရှိသော လူနေအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စုတွင် အဆောက်အအုံဘေးကင်းလုံခြုံရေးစည်းမျဉ်းကို ၂၀၁၃ ခုနှစ်အတွင်း ပြင်ဆင်ခဲ့ပြီး အထပ် ၅၀ အထက်မြင့်မားသော အဆောက်အအုံများ၌အလိုအလျောက်မီးငြိမ်းသတ်စနစ်ပါဝင်ရမည်ဟု စည်းမျဉ်းထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)