ကမ္ဘာကျော်လူမှုကွန်ရက်ကုမ္ပဏီဖေ့စ်ဘုတ်၏ ပထမဆုံးဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ရှောင်ပါကားသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ ဂရင်းဝစ်ကျေးရွာ၊ အနောက် ၁၀ လမ်းအမှတ် ၃၆ တွင် နေအိမ်တစ်လုံးထပ်မံဝယ်ယူလိုက်ရာ အဆိုပါလမ်းအတွင်း ရှောင်ပါကားဝယ်ယူခဲ့သည့်နေအိမ် ၃ လုံးရှိခဲ့ပြီဖြစ်ကြောင်းနယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရှောင်ပါကားသည် အမ်ပီသရီးသီချင်းဖိုင်များမျှဝေသည့် ၀က်ဘ်ဆိုက် Napsterကိုတည်ထောင်ခဲ့သူလည်း ဖြစ်သည်။
ထူးခြားချက်မှာသူ၏ အသက် ၃၆ နှစ်တွင် ၀ယ်ယူလိုက်သည့် အိမ်နံပါတ်မှာ ၃၆ ဖြစ်ခြင်းပင် ဖြစ်သည်။
နေအိမ်အတွင်းအိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၁၀ ခန်းပါဝင်ကာ ကန်ဒေါ်လာ ၂၂ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်တန်ရာချေရှိသည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၉၀၀၀ ဖြစ်ရာတစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၂၄၄၄ ခန့် တန်ဖိုးကျသင့်သည်ဟု ဆိုနိုင်သည်။
ယင်းနေအိမ်ကို ပါကားဝယ်ယူလိုက်သည်ဟု သတင်းများထွက်လာသော်လည်းနေအိမ်မှာ ပြုပြင်ဆဲအခြေအနေတွင်ရှိပြီး တရားဝင်အရောင်းဈေးကွက်သို့ တင်ထားခဲ့မှုမရှိချေ။
မူလပိုင်ရှင်ကအဆိုပါနေအိမ်ကိုကန်ဒေါ်လာ ၁၄ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ရှောင်ပါကားသည် အဆိုပါ အနောက် ၁၀ လမ်းအတွင်းရှိအိမ်အမှတ် ၃၈ ကိုယခုနှစ်မေလအတွင်းက ၀ယ်ယူခဲ့ပြီးဘိုးအာ့ထ်ဗိသုကာဖြင့် ဆောက်လုပ်ထားသောအိမ်အမှတ် ၄၀ ကို ၂၀၁၀ ခုနှစ်ကတည်းက ၀ယ်ယူပိုင်ဆိုင်ထားခဲ့သည်။
ရှောင်ပါကားသည် အဆိုတော် အလက်ဇန္ဒြားလီနာနှင့် ၂၀၁၃ ခုနှစ်တွင် လက်ထပ်ခဲ့ရာ၌ မြေယာအလှပြုပြင်ရေးကုမ္ပဏီတစ်ခုကိုငှားရမ်းကာတောအုပ်ကြီးတစ်ခုအတွင်းအလယ်ခေတ်ရဲတိုက်ကြီးနှင့် အပျက်အစီးများအသွင် ပြင်ဆင်၍ မင်္ဂလာပွဲကျင်းပခဲ့ရာကန်ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျခဲ့သည့်အပြင် တောအုပ်ပျက်စီးထိခိုက်မှုအတွက် ဒေါ်လာ ၂ သန်းကျော် လျော်ကြေးပေးခဲ့ရသည်။
၎င်းတို့ဇနီးမောင်နှံမှ ၂၀၁၃ ခုနှစ်တွင် သမီးတစ်ဦးနှင့် ၂၀၁၄ တွင် သားတစ်ဦးထွန်းကားခဲ့သည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လအချက်အလက်များအရရှောင်ပါကား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ၂ ဒသမ ၄ ဘီလီယံ ဖြစ်သည်။
ရုရှားဘီလျံနာ ရိုမန်အဗရာမိုဗစ်ခ်ျသည် လည်းအဆိုပါလမ်းအတွင်းတွင် နေအိမ်ဝယ်ယူရန် ပြင်ဆင်လျက်ရှိသည်။
ထို့အပြင် အခြား ဘီလျံနာတစ်ဦးဖြစ်သော မိုက်ကယ်ဘလွန်းဘာ့ခ်ျသည်လည်း ယင်းပတ်ဝန်းကျင်တွင်ပင် နေအိမ်ကြီး တစ်လုံးဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)