မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများတင်သွင်းရန် ပြည်တွင်းကုမ္ပဏီများအပြင် နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများကိုပါကုန်သွယ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ပြည်ပနိုင်ငံများမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းခြင်းကို ယခင်က ပြည်တွင်းကုမ္ပဏီများကိုသာ တင်သွင်းခွင့်ပြုခဲ့သော်လည်း ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင်အရည်အသွေးပိုမိုကောင်းမွန်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပိုမိုအသုံးပြု နိုင်ရန်ရည်ရွယ်၍ ခွင့်ပြုလိုက်ခြင်းဖြစ် သည်ဟုသိရသည်။
ယခုကဲ့သို့ခွင့်ပြုပေးရခြင်းသည် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော စီးပွား ရေးအခြေအနေများအရ နိုင်ငံခြားမှ လာ ရောက်ရင်းနှီးမြှုပ်နှံလိုသူများ၊ စီးပွားရေး လုပ်ငန်း လာရောက်လုပ်ကိုင်လိုသူများ များပြားလာခြင်းကြောင့် ကုန်သွယ်ခွင့်ပြုခြင်း ဖြစ်ပြီး ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ကြရမည်ဟု သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများကို ကုန်သွယ်ခွင့်ပြုရာတွင်ကုန်သွယ်မှုနှင့်ပတ်သက်သည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများနှင့်အညီ ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီ များက ဆောက်လုပ်ရေးပစ္စည်းများကို ကုန်သွယ်မှု ပြုလုပ်ရာတွင်ဖက်စပ်ကုမ္ပဏီသည် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် ကုမ္ပဏီဖြစ်ရမည့်အပြင် တင်သွင်းလာ သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း များသည် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန် ထားသော စံချိန်/စံညွှန်းနှင့်အညီ တင်သွင်း ကြရမည် ဟုသိရသည်။
လင်းဝသန်(ရွှေကျွန်းလုံး) မှ iMyanmarHouse.com အတွက် အထူးရေးဆွဲဖော်ပြသည်။
Credit: iMyanmarHouse.com