ပြည်တွင်းဒေါ်လာဈေးကွက်အတွင်း ဒေါ်လာဈေးများ ထိုးတက်နေပြီး ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာလည်း အမြင့်ဆုံးဈေးသို့ ရောက်ရှိနေကြောင်း ဒေါ်လာ၊ ရွှေ ဈေးကွက်အတွင်း လုပ်ကိုင်နေသူများမှ သိရသည်။
သြဂုတ်၂၅ရက်နေ့ ဒေါ်လာဈေးကွက်အတွင်း ဈေးစဖွင့်ချိန်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းမှာ တဒေါ်လာလျှင် ကျပ် ၁၂၁၀ ၀န်းကျင် အထက် အောက် ဖြင့်သာ ဈေးကစားနေပြီး ၊ ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၂၀၃ ကျပ် ဖြစ်သည်။
ဩဂုတ်၂၄ရက်နေ့ ဒေါ်လာဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းမှာ ဈေးဖွင့်ချိန်တွင် တဒေါ်လာလျှင် ၁၂၃၁ ကျပ်ဖြင့် ဖြစ်ပေါ်ခဲ့ပြီး ဈေးပိတ်ချိန်တွင် တဒေါ်လာလျှင် ၁၂၁၀ ကျပ်ဖြင့် ရပ်တံ့ခဲ့ရာ တရက်အတွင်း တဒေါ်လာလျှင် ၁၀ကျပ် ပြန်လည်ကျဆင်းခဲ့ပြီး ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ကျပ် ၁၂၀၃ ဖြစ်သည်။
ဒေါ်လာဈေးကွက်အတွင်း လုပ်ကိုင်နေသူတဦးက “ ဒေါ်လာဈေးတက်နေတာက စီးပွားရေးကောင်းနေလို့တော့ မဟုတ်ဘူး။ အဝေးဈေးလို့ခေါ်တဲ့ တရုတ်နယ်စပ်ကို ကြည့်ပြီး ကစားတာ။ တရုတ်နယ်စပ်ဈေးကလည်း ဒေါ်လာဈေး မာတာကို ကြည့်ကစားနေတာ။ အဝေးဈေး မာလာပြီဆိုတာနဲ့ ကုန်သည်တွေနဲ့ ဒေါ်လာဝယ်ရောင်းလုပ်သူတွေက ဒေါ်လာကို ၀ယ်ကြ တော့တာပဲ”ဟု ပြောသည်။
“ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာက မာနေတယ်။ အခုဒေါ်လာဈေးနှုန်းမြင့်လာတော့ ဒေါ်လာတွေက ထွက်လာတယ်။ ဒါပေမယ့် ၀ယ်မယ့်သူမရှိဘူး။ ဒီဈေးကွက်က တဦးက ၀ယ်ရင် သူဌေးတွေကအစ ထွက်ဝယ်တယ်။ ရောင်းရင်လည်း သူဌေးတွေက အစ ထွက်ရောင်းတယ်။ သြဂုတ် ၂၄ ရက်နေ့ကဆို လေနဲ့ အရောင်းအ၀ယ် လုပ်တာကို ဘာမှ သိပ်မသိတဲ့သူတွေက ၀ယ်ကြ ရောင်းကြနဲ့ ရှုံးတဲ့သူတွေရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
အစိုးရသစ် အကူးအပြောင်း စတင်ချိန်တွင် ဒေါ်လာဈေး ကျဆင်းသွားခြင်းရှိခဲ့ပြီး ယင်းမှာ ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ အများအပြား ၀င်ရောက်လာနိုင်သည့်ဟု မျှော်မှန်းချက်များကြောင့် ဒေါ်လာကိုင်ဆောင်ထားသူများက ဈေးနှုန်းကို ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့်ဈေးနှုန်းထက် ချရောင်းခြင်း ဖြစ်ခဲ့ကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ဆိုသည်။
ဒေါ်လာဈေးကွက် အတက်အကျနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးလှမောင်က “ ဒေါ်လာဝင်တာလျှော့လို့ တက်တာ။ အခုက နယ်စပ်က အရောင်းအ၀ယ်မှာ ဒေါ်လာ သိပ်မ၀င်တော့ဘူး။ ဒေါ်လာ သိပ်မ၀င်ရင် ဒေါ်လာဈေးတက်တယ်။ မြန်မာ့စီးပွားရေး
ကလည်း ငွေကြေးဖောင်းပွမှုက ၁၃ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ ကုန်ဈေးနှုန်းကလည်း တက်နေတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကလည်း တံ့နေတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းကလည်း မဖြစ်ဘူး ။ ရက် ၁၀၀ အတွင်းမှာ စီးပွားရေးကလည်း ကျလာတဲ့အတွက် ဒေါ်လာဈေးတက်လာတာကို တွေ့ရတယ်”ဟု ပြောသည်။
မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးယူမည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး ပညာရေးဝန်ထမ်းများကိုလည်း လစာတိုးမြင့်မည့်သတင်းများထွက်ပေါ်ခဲ့သည့်အတွက် ဒေါ်လာဈေးကို တွန်းတင်သောအခြေအနေ ဖြစ်ခဲ့ကြောင်းလည်း ဆိုသည်။
“လစာတိုးမြင့်မယ်ဆိုတဲ့ သတင်းထွက်တိုင်း ကုန်ဈေးနှုန်းက တက်တယ်။ လစာတိုးမြင့်တာ မဟုတ်ပါဘူး။ ပညာရေးဝန်ထမ်းတွေကို အသစ်ခန့်မှာ အတွက် လစာကို သန်း ၁၀၀ က ပေးရမယ်။ နောက် အဲဒီထဲမှာ ဗဟိုဘဏ်တိုးချဲ့ရေးလည်းပါတယ်။ ပေးမှာက
ဒေါ်လာဖြစ်တော့ ဒေါ်လာကို ကျပ်ငွေပြောင်းပေးလို့ သုံးလိုက်ရင် ငွေဖောင်းပွမယ်။ အဲဒီသတင်းနဲ့ကို ဒေါ်လာဈေးတွေ ဒီလို ဖြစ်လာတာ။ နောက် ထင်ရှားတာက ရေဘေးဒဏ်ခံရမှုကလည်း တော်တော် ကြီးတဲ့အတွက် ပြန်လည်ထူထောင်ရေး အတွက် ငွေကလည်း သုံးရတော့ ပြည်တွင်းသုံးငွေထဲ ၀င်လာတော့ ငွေဖောင်းပွတဲ့ အတွက်လည်း ဒေါ်လာဈေးတက်တာ ပါတယ်”ဟု ဦးလှမောင်က သုံးသပ်ပြောဆိုသည်။
ရွှေဈေးကွက်အတွင်းတွင်လည်း သြဂုတ် ၂၅ ရက်နေ့ အဖွင့်ဈေးသည် အခေါက်ရွှေတကျပ်သားလျှင် ၈၅၇၅၀၀ ကျပ်ရှိကြောင်း၊ သြဂုတ် ၂၄ ရက်နေ့ ရွှေဈေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေတကျပ်သားလျှင် ၈၇၄၅၀၀ ကျပ်မှ ဈေးပိတ် ချိန်တွင် အခေါက်ရွှေတကျပ်သားလျှင် ၈၆၂၀၀၀ ကျပ်ဖြင့် ကျပ် ၁၅၀၀၀ နီးပါး ဈေးပြန်လည် ကျဆင်းသွား ခဲ့သည်။
“ရွှေက ပြည်တွင်းမှာ ဒေါ်လာဈေးကွက် မြင့်တက်သွားလို့ ရွှေက လိုက်တက်နေတာ။ ကမ္ဘာဈေးက အပြောင်းအလဲ မရှိဘူး။ ရွှေဈေးကွက်က လူးနေတယ်။ ၀ယ်လိုအားနည်းတယ်။ ရောင်းလိုအားတွေက များနေတာ။ ဒါပေမယ့် ဈေးက အမြင့်ဆုံးကို တက်နေတာ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
Credit: irrawaddy