ကမ္ဘာကျော် The Economist မဂ္ဂဇင်းကြီးမှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ နေထိုင်ရန်အသင့်လျော်ဆုံးမြို့ကြီးများအဆင့် သတ်မှတ်ချက်တွင် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သည် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိရာ ၆ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့မှုဖြစ်ကြောင်း မလေးရှားအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်ဖော်ပြသည်။
ကမ္ဘာ့မြို့ကြီးများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံအဆောက်အအုံ၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် တည်ငြိမ်အေးချမ်းမှုဟူသော အချက်များအပေါ် အခြေခံကာ ကမ္ဘာ့မြို့ကြီးပေါင်း ၁၄၀ ကို အမှတ်ပေးစနစ်ဖြင့် အဆင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
မဲလ်ဘုန်းမြို့ကြီးသည် စုစုပေါင်းအမှတ် ၁၀၀ ပေးထားသည့်အနက် အမြင့်ဆုံးအဖြစ် ၉၇ ဒသမ ၅ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်မှာ သြစထရီးယားနိုင်ငံ၊ ဗီယင်နာမြို့ဖြစ်ပြီး ရမှတ် ၉၇ ဒသမ ၄ မှတ်ရရှိခဲ့သည်။
ဗီယင်နာသည် ဒုတိယနေရာတွင် ၈ နှစ်ဆက်တိုက်ရပ်တည်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါစာရင်း၏ ထိပ်ဆုံး ၁၀ မြို့မှာ မဲလ်ဘုန်း၊ ဗီယင်နာ၊ ဗန်ကူးဗား၊ တိုရွန်တို၊ အဲဒဲလေ့ဒ်၊ ကယ်လ်ဂါရီ၊ ပါ့သ်၊ အော့က်လန်း၊ ဟယ်လ်ဆင်းကီးနှင့် ဟန်းဘတ်တို့ ဖြစ်ကြသည်။
မဲလ်ဘုန်းသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အခြေခံအဆောက်အအုံတို့တွင် ပြီးပြည့်စုံမှုရှိကာ အာမခံချက်ရှိသောကြောင်း ကမ္ဘာ့အဆင့်တွင် နံပါတ် ၁ နေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုစာရင်းတွင်ပါဝင်သော မြို့ကြီးများ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် အကြမ်းဖက်မှုနှုန်းမြင့်တက်လာမှုများကြောင့် လူမှုဘ၀မတည်ငြိမ်မှုများ ပေါ်ပေါက်လာခြင်းကို ကြုံတွေ့ခဲ့ကြရသည်။
ယင်းမြို့ကြီးများသည် ယခုနှစ်ရပ်တည်မှုအဆင့်တွင် ယခင်နှစ်က အဆင့်အောက်များစွာ လျော့ကျသွားရခြင်းဖြစ်ကြောင်း The Economist က ထုတ်ပြန်သည်။
၂၀၁၆ ခုနှစ်အတွင်း ပြင်သစ်၊ တူရကီ၊ အမေရိကန်ပြည်ထောင်စုနှင့် ဘယ်လ်ဂျီယမ်တို့တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများ၊ အရှေ့ဥရောပနှင့် အာရှတို့၏ နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဆီးရီးယား၊ ယူကရိန်းနှင့် လစ်ဗျားတို့၏ ပြည်တွင်းစစ်များကို The Economist က ထောက်ပြခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)