ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် အရှေ့တောင်အာရှအကြီးမားဆုံးတက္ကသိုလ်အဖြစ်တည်ဆောက်ရန် ရည်ရွယ်ထားသည့် ဆောက်လုပ်ရေးစီမံကိန်းမှာ ၈ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း မည်သည့်အဆောက်အအုံမှ အကောင်အထည်ဖော် ဆောက်လုပ်နိုင်ခြင်းမရှိဘဲ မြက်များသာဖုံးလွှမ်းလျက်ရှိနေကြောင်း ဗီယက်နမ်အခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အရှေ့တောင်အာရှတွင် ခေတ်အမီဆုံးတက္ကသိုလ်ဝန်းကြီးအဖြစ်ဆောက်လုပ်ရန် ရည်ရွယ်ထားသော အဆိုပါစီမံကိန်းကို မလေးရှား developer က ဆောက်လုပ်ပေးရန် စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး “ဗီယက်နမ်နိုင်ငံတကာတက္ကသိုလ်မြို့ - VIUT” ဟု အမည်ပေးခဲ့ကြသည်။
၂၀၀၈ ခုနှစ်၊ ဇူလိုင်လကတည်းကပင် ဆောက်လုပ်ခွင့်လိုင်စင်ထုတ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ယနေ့တိုင် လုံးဝအကောင်အထည် မဖော်နိုင်သေးခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါစီမံကိန်းနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမည့် မလေးရှား developer ဖြစ်သော Berjaya Land အား အကူအညီပေးရန်နှင့် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းပေးရန် ဟိုချီမင်းမြို့တော်စည်ပင်သာယာရေးအဖွဲ့က စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဌာနအား တောင်းဆိုထားသည်ဟု ဆိုသည်။
အကယ်၍ အကောင်အထည်မပေါ်ပါက ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကုန်ကျမည့် ယင်းစီမံကိန်းကို ဖျက်သိမ်းမည်ဟု မလေးရှားရင်းနှီးမြှုပ်နှံသူတို့အား ဗီယက်နမ်က ပြောကြားထားသည်။
မြေအကျယ်အ၀န်း ၉၂၅ ဟက်တာ (၂၂၈၆) ဧကပေါ်တွင် ဆောက်လုပ်ရန် ရည်ရွယ်ထားသော ယင်းစီမံကိန်းကို ၂၀၁၁ မှ ၂၀၂၁ ခုနှစ်အကြား အပြီးသတ်မှုအဆင့် အသီးသီးဖြင့် ပြီးစီးနိုင်စေရန် မျှော်လင့်ခဲ့ကြသော်လည်း ယနေ့တိုင်မည်သည့်အဆောက်အအုံမျှ ဆောက်လုပ်နိုင်ခဲ့ခြင်း မရှိချေ။
မလေးရှားရင်းနှီးမြှုပ်နှံသူတို့ စီစဉ်ထားခဲ့သည်မှာ ဟက်တာ ၁၀၀ အကျယ်ပေါ်တွင် မူလတန်းမှ အထက်တန်းအဆင့်အထိ စာသင်ကျောင်းပေါင်း ၂၀ အပါအ၀င် တက္ကသိုလ်အဆောက်အအုံများ ဆောက်လုပ်ရန်နှင့် ကျန်သော မြေပေါ်တွင် ကူးသန်းရောင်းဝယ်ရေးစင်တာ၊ လူနေအဆောက်အအုံနှင့် ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများ ဆောက်လုပ်ရန် ရည်မှန်းခဲ့ခြင်း ဖြစ်သည်။
မလေးရှားတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်းကျဆင်းနေခြင်းမှာ အဆိုပါစီမံကိန်းဆောက်လုပ်မှု အထမမြောက်စေခြင်း ဖြစ်သည်ဟု ဆိုသည်။
စီမံကိန်းမြေနေရာတွင် နေထိုင်သူတို့က အိမ်ဈေးအလွန်ကျဆင်းနေမှုကြောင့် အခြားနေရာများသို့ ရွှေ့ပြောင်းလိုစိတ်မရှိကြဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)