Executive Condominium (EC) များမှအပ စင်္ကာပူတွင် အိမ်သစ်ရောင်းချရမှုအရေအတွက်သည် ပြီးခဲ့သည့် ဇွန်လကထက် ဇူလိုင်လတွင် ၂ ဆကျော် မြင့်တက်ခဲ့သည်။
ဇွန်လက ၅၃၆ ခန်းရောင်းချခဲ့ရရာမှ ဇူလိုင်လတွင် ၁၀၉၁ ခန်းရောင်းချခဲ့ရကြောင်း မြို့ပြဖွံ့ဖြိုးမှုအာဏာပိုင်အဖွဲ့က သြဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဇူလိုင်လရောင်းချရမှု၏ ၇၆ ရာခိုင်နှုန်းသည် ဆင်ခြေဖုံးနေရာများတွင်ဖြစ်ပြီး ၁၉ ရာခိုင်နှုန်းက မြို့စပ်တွင်ဖြစ်ကာ ၅ ရာခိုင်နှုန်းက မြို့လယ်တွင်ဖြစ်သည်။
အရောင်းအဝယ်မြင့်တက်မှုမှာ ရောင်းချမည့် အိမ်ခန်းသစ်များ ဈေးကွက်ထဲ ရောက်ရှိလာမှု မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု အိမ်ခြံမြေဆန်းစစ်လေ့လာသူများက ပြောကြားခဲ့သည်။ ဇွန်လက ကျောင်းပိတ်ရက်များကို ရှောင်ရှားရန် ရောင်းချသူdeveloper ကုမ္ပဏီများက အိမ်ခန်းသစ်ချပြမှု နှောင့်နှေးအချိန်ဆွဲခဲ့ကြပြီး ဝယ်လက်များကလည်း ဝယ်ယူရန် တုံ့ဆိုင်းစောင့်ကြည့်နေခဲ့ကြသည်ဟုလည်း လေ့လာသူများက ပြောကြားခဲ့သည်။
ဇွန်လက ပုဂ္ဂလိကကွန်ဒိုခန်း ၂၃၄ ခန်း ဈေးကွက်ထဲ ရောက်ရှိခဲ့ပြီး ဇူလိုင်လတွင် ၆၂၄ ခန်း ရောက်ရှိခဲ့သည်။
EC ခန်းများရောင်းချရမှုသည်လည်း ဇွန်လတွင် ၂၃၂ ခန်းရှိခဲ့ရာမှ ဇူလိုင်လတွင် ၈၃၀ ခန်း ရောင်းချခဲ့ရပြီး ရောင်းအား သိသိသာသာ မြင့်တက်ခဲ့သည်။
နှစ်ကုန်အထိ ကျန်လများ၏ စင်္ကာပူအိမ်သစ်ရောင်းချရမှုသည် ၁ လလျှင် အိမ်ခန်း ၅၀၀ မှ ၇၀၀ အကြား ရှိမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တစ်နှစ်တာကာလပတ်လုံးအတွင်း ရောင်းချရသည့် အိမ်ခန်း ၇၀၀၀ မှ ၈၀၀၀ အကြားရှိမည်ဖြစ်သည်ဟု PropNex အိမ်ခြံမြေကုမ္ပဏီ၏ CEO မိုဟာမက်အစ္စမေးလ်ကလည်း ခန့်မှန်းခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)