ဘဏ်ကတစ်ဆင့် ငွေချေးယူမယ်ဆိုရင် ချေးယူမယ့် ဘဏ်မှာ ဘဏ်ချေးငွေအတွက် သတ်မှတ်ပုံစံနဲ့ လျှောက်လွှာတင်ရမှာပါ ။ သက်ဆိုင်ရာ ဘဏ်ချေးငွေဌာန မန်နေဂျာကတစ်ဆင့် အဆင့်ဆင့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ။ စာရွက်စာတမ်း ပြည့်စုံမှုနဲ့ လုပ်ငန်းအပေါ်မှုတည်ပြီး ဘဏ်ချေးငွေကို တစ်ပတ်ကနေ ၁၀ ရက်အတွင်း ထုတ်ယူနိုင်ပါတယ် ။
ဘဏ်ချေးငွေရယူမယ်ဆိုရင် အောက်ပါအချက်နှစ်ချက် ပြည့်စုံရမှာဖြစ်ပါတယ် ။ ရှင်သန်တိုးတက်မှုရှိသော လုပ်ငန်း ၊ ဘဏ်က အပေါင်ပစ္စည်း ရယူနိုင်မယ့် အာမခံ ပစ္စည်းတို့ လိုအပ်ပါတယ် ။
ဘဏ်က ငွေချေးယူမယ်ဆိုရင် အာမခံပေးနိုင်မယ့် ပစ္စည်းတစ်ခုခု တင်ပြရမှာ ဖြစ်ပါတယ် ။ ရာခိုင်နှုန်းသတ်မှတ်ခြင်းကိုတော့ ဘဏ်က ရာဖြတ်နဲ့ ဘဏ်ကသတ်မှတ်ထားတဲ့ ပြဌာန်းချက်နဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ် ။ ဘဏ်မှာရရှိနိုင်တဲ့ အာမခံအမျိုးမစားတွေကတော့ လူပုဂ္ဂိုလ်ဆိုင်ရာ အာမခံ ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း အာမခံစတာတွေ ဖြစ်ပါတယ် ။
အာမခံပစ္စည်းနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြန်တမ်းများ ကြော်ညာပြီး သတ်မှတ်ထားတဲ့ မြို့တွေမှာ ငွေချေးစာချုပ်အတွက် တံဆိတ်ခေါင်းခွံကင်းလွတ်ခွင့်ရှိပြီး ချေးငွေစာချုပ်ကို ဘဏ်မှာသာ ချုပ်ဆိုရမှာဖြစ်ပါတယ် ။ တကယ်လို့ အာမခံပစ္စည်းက ရန်ကုန် ၊ စစ်တွေ ၊ မော်လမြိုင် ၊ ပုသိမ် ၊ မန္တလေး စတဲ့မြို့တွေမှာ မပါဝင်ရင် အာမခံပစ္စည်းတည်ရှိရာမြို့ရဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကိုသွားပြီး မှတ်ပုံတင်အရာရှိရှေ့မှာ ငွေချေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ် ။ အဲသည်အတွက် ချေးငွေ ၁၀၀ ပေါ်မှာ နှစ်ရာခိုင်နှုန်း ခွန်ထမ်းဆောင်ရမှာဖြစ်ပါတယ် ။
အာမခံပစ္စည်းက ရန်ကုန်မြို့မှာ တည်ရှိတာမဟုတ်ရင် အာမခံ ပစ္စည်းတည်ရှိတဲ့ မြို့တွေမှာ ဘဏ်ရာဖြတ် ၊ ဘဏ်ရှေ့နေနဲ့ မီးအာမခံတို့ကို ခေါ်ရမှာဖြစ်ပါတယ် ။ သည်အတွက် ကုန်ကျစရိတ်တွေကို ငွေချေးသူဘက်က တာဝန်ယူရမှာဖြစ်ပါတယ် ။ အများစုကတော့ ဘဏ်အနေ အထားကိုကြည့်ပြီး ဘဏ်ရာဖြတ်ကိုသာ ခေါ်ယူတာတွေလည်း ရှိပါတယ် ။ ဘဏ်ရှေ့နေကို ခေါ်ယူခြင်းက သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးနဲ့ မြေစာရင်းရုံးမှာ ကြည့်ရှု့စစ်ဆေးဖို့ ဖြစ်ပြီး ဘဏ်ရာဖြတ်ကတော့ အာမခံပစ္စည်းကို တန်ဖိုးသတ်မှတ်ပေးဖို့ ဖြစ်ပါတယ် ။
Credit: The Kumudra