ကမ္ဘာကျော် အမေရိကန်အဆိုတော် ပရင့်စ်သည် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်ရှိ ပိုင်စလေပါ့ခ်နေအိမ်ကြီးတွင် ဆေးသုံးလွန်၍ သေဆုံးသွားပြီးနောက်ပိုင်း ယခုအခါ ၎င်းပိုင်ဆိုင်သည့်နေအိမ်များစွာမှာ အရောင်းဈေးကွက်သို့ ရောက်ရှိလာကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပရင့်စ်၏ ပိုင်ဆိုင်မှုများကို အထူးထိန်းသိမ်းအုပ်ချုပ်ခွင့်ရရှိသူက ပရင့်စ်ကျန်ရစ်ခဲ့သော ဘီဗာလီဟေးလ်၊ နယူးယောက်၊ မင်နီဆိုးတားရှိ နေအိမ်အပါအ၀င် အခြားနေရာများစွာရှိ နေအိမ်များကို ရောင်းချခွင့် ရရန်တရားရုံးသို့ တင်ပြတောင်းခံခဲ့ခြင်း ဖြစ်သည်။
တရားရုံးသို့ တင်ပြခဲ့သည့် စာရွက်စာတမ်းများတွင် ဖော်ပြထားချက်အရ အမှန်တကယ်ဈေးကွက်ပေါက်ဈေး၏ ၉၀ ရာခိုင်နှုန်း အနည်းဆုံး ရရှိမှသာ ရောင်းချမည်ဟု ဆိုသည်။
ပရင့်စ်၏ နေအိမ်များစွာအနက် မင်နီဆိုးတားပြည်နယ်ရှိ နောက်ဆုံးနေထိုင်သွားခဲ့သော နေအိမ်သည်ပင်လျှင် ပေါင်သန်း ၃၀ (ကန်ဒေါ်လာ ၃၉ ဒသမ ၉ သန်း) ခန့် တန်ကြေးရှိသည်။
ပရင့်စ်ကွယ်လွန်သွားပြီးနောက်မှ ဖော်ထုတ်သိရှိလာကြသည်မှာ အမေရိကန်ပြည်ထောင်စုရှိ နာမည်ကျော်အပန်းဖြေ ပင်လယ်ကမ်းခြေမြို့ဖြစ်သော မိုင်အမ်မီ၏ အရှေ့တောင်ဘက် ၆၄၇ မိုင်အကွာ၊ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Turks and Caicos ကျွန်းတွင်လည်း ကန်ဒေါ်လာ ၁၂ သန်းတန် အပန်းဖြေနေအိမ်တစ်လုံး ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
အဆိုပါနေအိမ်တွင် အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၀ ခန်းပါဝင်ပြီး စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းကာ ၂၀၁၀ ခုနှစ်အတွင်း ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်ခြံဝန်း အတွင်းတွင် တင်းနစ်ကွင်းတစ်ခု၊ ပေ ၂၀၀ ရှည်လျားသော လှေဆိပ်၊ ကိုယ်ပိုင် အပန်းဖြေကမ်းစပ်တို့ ပါဝင်သည်။
ရောင်းချမည့်စာရင်းတွင် ယင်းနေအိမ်ပါဝင်မှု ရှိ၊ မရှိကိုမူ မသိရသေးချေ။
ပရင့်စ်၏ ညီမဖြစ်သူ တိုင်ကာနယ်လ်ဆင်ကို နေအိမ်များအရေး ထိန်းသိမ်းကွပ်ကဲသူအဖြစ် တရားရုံးက ကွပ်ကဲခွင့်ပေးအပ်ခဲ့သည်။
ပရင့်စ်သည် မကွယ်လွန်မီတွင် သေတမ်းစာကြိုတင်ရေးသားထားမှု မရှိခဲ့ချေ။
ပရင့်စ်၏ ပိုင်ဆိုင်မှုအရပ်ရပ်မှာ ကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြသည်။
မင်နီဆိုးတားပြည်နယ်ဥပဒေအရ ပရင့်စ်၏ မွေးချင်း ၆ ဦးလုံး အညီအမျှ အမွေပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်သည်။
ပရင့်စ်ကို ၁၉၅၈ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် မွေးဖွားပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။
နာမည်အရင်းမှာ ပရင့်စ် ရော်ဂျာ နယ်လ်ဆင်ဖြစ်သည်။
သူ၏ ဂီတအမျိုးအစားများမှာ ဖန့်ခ်၊ ရော့ခ်၊ ရစ်သမ်အင် ဘလူး၊ ဆိုးလ်နှင့် ပေါ့ပ်ဂီတတို့ ဖြစ်ကြသည်။
ကမ္ဘာတစ်ဝန်းတွင် ပရင့်စ်၏ တေးသီချင်းအယ်လ်ဘမ်ပေါင်း သန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကာ သမိုင်းတစ်လျှောက်အရောင်းရဆုံး အနုပညာရှင်များတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။
ပရင့်စ်၏ အနုပညာသက်တမ်းအတွင်း ဂရမ်မီဆု ၇ ကြိမ်၊ ရွှေကမ္ဘာလုံးဆု တစ်ကြိမ်နှင့် ဖက်ဖူးရောင်မိုးရုပ်ရှင်ကားအတွက် အော်စကာဆုတစ်ခု ရရှိခဲ့သည်။
ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးက “ရော့ခ်အင်ရိုးခေတ် သြဇာအလွှမ်းမိုးဆုံး အနုပညာရှင် ၁၀၀ ဦး” စာရင်းတွင် ပရင့်စ်ကို နံပါတ် ၂၇ နေရာတွင် ဖော်ပြခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)