နာမည်ကျော်သရုပ်ဆောင်ဘရက်ပစ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော Interview with the Vampire ဇာတ်ကားဖြင့် ကမ္ဘာသိသရုပ်ဆောင်ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာကျော်အက်ရှင်ဇာတ်ကားများစွာတွင် သရုပ်ဆောင်ခဲ့သူ တွမ်ခရုစ်ပိုင်ဆိုင်သည့် ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်ကြီးကို ကန်ဒေါ်လာ ၁၁ ဒသမ ၄ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်နေရာမှာ လော့စ်အိန်ဂျလိမြို့ရှိ ဟောလိဝုဒ်ဟေးလ်တွင် ဖြစ်သည်။
ခြံဝန်းအကျယ်မှာ ၂ ဒသမ ၅ ဧကရှိပြီး ခြံဝန်းအတွင်းတွင် နေအိမ်နှစ်လုံးပါဝင်သည်။
ပထမနေအိမ်တစ်လုံးကို ဥရောပဟန်ဆောက်လုပ်ထားပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။
နေအိမ်မှာ မြင့်မားသောတောင်ကုန်းပေါ်တွင် တည်ရှိခြင်းကြောင့် လော့စ်အိန်ဂျလိစ်မြို့ကြီး၏အလှကို အပေါ်စီးမှ ရှုမြင်နိုင်သည်။
နေအိမ်သို့ ၀င်ရောက်သည့် ကားလမ်းအ၀တွင် မြင့်မားသောဂိတ်ပေါက်တွေ့ရပြီး ကားလမ်းမှာ ရှည်လျားလှသောကြောင့် ပါပါရာဇီသတင်းထောက်တို့၏ ရန်မှလွတ်ကင်းပြီး လွတ်လပ်လုံခြုံမှုရှိသောနေရာတစ်ခု ဖြစ်သည်။
ခြံဝန်းကျယ်ကြီး၏ အခြားတစ်ဘက်စွန်းတွင် အီတလီလယ်တောအိမ်ဟန်ဆောက်လုပ်ထားသော နေအိမ်တစ်လုံးပါဝင်ပြီး နောက်ဆုံးပေါ် မီးဖိုဆောင်သုံးပစ္စည်းများ တပ်ဆင်ပေးထားသည့် မီးဖိုဆောင်၊ အဆင့်မြင့်ဇိမ်ခံပစ္စည်းများ ထည့်သွင်းပေးထားသော အိပ်ခန်း၊ ရေချိုးခန်းတို့ပါဝင်သည်။
နေအိမ်အကျယ်အ၀န်းမှာ ၄၉၆၅ စတုရန်းပေရှိပြီး ၀က်သစ်ချသားကြမ်းခင်း၊ ဗီနီရှင်းပလပ်စတာနံရံတို့ဖြင့် မွမ်းမံဆောက်လုပ်ထားသည်။
အခြားနေအိမ်တစ်လုံးမှာ အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်ပြီး စတုရန်းပေ ၁၇၄၂ ပေ ကျယ်ဝန်းသည်။
အဆိုပါနေအိမ် ၂ လုံးကို ကျောက်သားကားလမ်း၊ လူလျှောက်လမ်းတို့ဖြင့် ဆက်သွယ်ပေးထားသည်။
ထို့အပြင် ကျောက်တုံးဖြင့်ဆောက်လုပ်ထားသော အိမ်ငယ်တစ်လုံးလည်း ပါဝင်ပြီး ၀ိုင်သိုလှောင်ရုံအဖြစ် အသုံးပြုနိုင်သည်။
ခြံဝန်းအတွင်းတွင် ရေတံခွန်ပါရှိသည့် ရေကူးကန်တစ်ခုလည်း ပါဝင်သည်။
တွမ်ခရုစ်သည် ယင်းခြံဝန်းအတွင်းမှ နေအိမ်တစ်လုံးကို ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၈၅ သန်းဖြင့် ၀ယ်ယူခဲ့ပြီး ဒုတိယတစ်လုံးကို လအနည်းငယ်အကြာတွင် ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ရာ ယခုခေါ်ဈေးမှာ အရှုံးခံ၍ ရောင်းချခြင်းလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)