နိုင်ငံခြားသားများနှင့် ပြည်ပတွင်ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံသားတို့က ဗီယက်နမ်တွင် တိုက်ခန်းဝယ်ယူမှုများ အလွန်မြင့်တက် လာနေလျက်ရှိရာ အထူးသဖြင့် ဟိုချီမင်းမြို့တော်တွင်ဖြစ်ကြောင်း ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်ကာလအတွင်း လူနေခန်းပေါင်း ၁၀၀၀၀ ကျော် ရောင်းချခဲ့ရရာတွင် နိုင်ငံခြားဝယ်လက်များစွာ၏ ၀ယ်ယူမှုများ ပါဝင်သည်။
ဗီယက်နမ်ဥပဒေအရ အိမ်ရာပရောဂျက်တစ်ခုတွင် နိုင်ငံခြားသားများကို ၃၀ ရာခိုင်နှုန်းဝန်းကျင်ရောင်းချခွင့်ပေးထားသည်။
နိုင်ငံတကာအိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ဖြစ်သော JLL ကလည်း ဟိုချီမင်းမြို့တော်တွင် နိုင်ငံခြားဝယ်လက်များသို့ ကွန်ဒိုခန်း ရောင်းချရမှုများ အလွန်မြင့်တက်လာသည်ဟု ထုတ်ပြန်ထားသည်။
ဗီယက်နမ်တွင် အိမ်ခြံမြေဥပဒေပြင်ဆင်ပြီးနောက်ပိုင်း နိုင်ငံခြားဝယ်လက်များ၏ ကွန်ဒိုခန်းဝယ်ယူမှုမှာ ဟိုချီမင်းတစ်မြို့တည်း တွင်ပင်လျှင် အခန်း ၁၀၀၀ ကျော်ရှိကြောင်း JLL က ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်းလူနေခန်းရောင်းချရမှု ပမာဏမှာ ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂ ဆခန့် မြင့်တက်လာခဲ့သည်။
ဝယ်လက်များနှင့် developer များအား ဘဏ်များမှ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ခြင်းကြောင့် ရောင်းလိုအားနှင့် ၀ယ်လိုအားနှစ်ရပ်လုံး မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်တွင် နိုင်ငံခြားသား ၅၀၀၀၀၀ ကျော် အခြေချနေထိုင်လျက်ရှိကြရာ ၃၀၀၀၀ ခန့်မှာ အမှုဆောင်အရာရှိချုပ်များဖြစ်ကြကြောင်း ဗီယက်နမ် developer Novaland က ထုတ်ပြန်ထားသည်။
“ဗီယက်နမ်အိမ်ခြံမြေဈေးကွက်ဟာ အိမ်နီးချင်းနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကို ဆက်လက်ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော CBRE မှ ထုတ်ပြန်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)