အမေရိကတွင် အိမ်ခြံမြေ၀ယ်ယူမှု အများဆုံးနိုင်င်ငံခြားဝယ်လက်အဖြစ် တရုတ်က ၄ နှစ်ဆက်တိုက်ဦးဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၆ မတ်လအထိ ကန်ဒေါ်လာ ၂၇ ဒသမ ၃ ဘီလီယံဖိုးဝယ်ယူခဲ့ကြောင်း ရှန်ဟိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းပမာဏမှာ အမေရိက၏ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြသည့် အခြားသောထိပ်တန်း ၄ နိုင်ငံမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုထက်ပင် ကျော်လွန်နေခဲ့ကာ အမေရိကအိမ်ခြံမြေလောကတွင် နယ်စပ်ဖြတ်ကျော်ထိပ်တန်းဝယ်လက်အဖြစ် တရုတ်နိုင်ငံက ၄ နှစ်ဆက်တိုက် ဦးဆောင်နေခဲ့ခြင်းလည်း ဖြစ်သည်။
တရုတ်အမျိုးသားအိမ်ခြံမြေအကျိုးဆောင်အသင်းကြီး (NAR) မှ ထုတ်ပြန်ခဲ့သော လေ့လာချက်တစ်ရပ်အရ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် ထိုင်ဝမ်ဝယ်လက်များ ၀ယ်ယူခဲ့သော အမေရိကန်အိမ်ခြံမြေတန်ဖိုးပမာဏမှာ လွန်ခဲ့သော ၁၂ လအတွင်း ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ကနေဒါဝယ်လက်များနှင့် နှိုင်းယှဉ်လျှင်မူ တရုတ်ပြည်မကြီးမှ ၀ယ်ယူမှုပမာဏမှာ ၃ ဆခန့် ပိုမိုများပြားနေသည်ဟု ဆိုသည်။
အမေရိကအိမ်ခြံမြေလောကတွင် ကနေဒါ၏ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံဖြင့် ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူနေရာတွင် ရပ်တည်လျက်ရှိသည်။
တရုတ်ဝယ်လက်တို့သည် အမေရိကတွင် နေအိမ်ဝယ်ယူသည့်အရေအတွက်တွင်လည်း နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိပြီး ပြီးခဲ့သော ၁၂ လအတွင်း နေအိမ်ပေါင်း ၂၉၁၉၅ ၀ယ်ယူခဲ့သည်။
သို့တိုင်အောင် အဆိုပါပမာဏမှာ ယခင် ၁၂ တာကာလနှင့် နှိုင်းယှဉ်လျှင် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ပြီး ယခင်က တစ်နှစ်တာအတွင်း နေအိမ်အရေအတွက် ၃၄၃၂၇ အထိ ၀ယ်ယူခဲ့သည်။
တရုတ်ဝယ်လက်တို့သည် ငွေသုံးစွဲမှုတွင် အခြားနိုင်ငံခြားဝယ်လက်များထက် ၂ ဆခန့် များပြားရာ နေအိမ်တစ်လုံးအတွက် ပျှမ်းမျှအားဖြင့် ကန်ဒေါ်လာ ၅၄၂၀၈၄ သုံးစွဲပြီး အခြားနိုင်ငံခြားဝယ်လက်များ၏ ပျှမ်းမျှသုံးစွဲမှုမှာ ကန်ဒေါ်လာ ၂၇၇၃၈၀ ဖြစ်သည်။
အဓိကအချက်အလက်များ
-နိုင်ငံခြားဝယ်လက်တို့သည် ၂၀၁၅ ဧပြီလမှ ၂၀၁၆ မတ်လအတွင်း အမေရိကတွင် နေအိမ်များဝယ်ယူခဲ့ကြသည့် စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁၀၂ ဒသမ ၆ ဘီလီယံဖြစ်သည်။
- နိုင်ငံခြားဝယ်လက်တို့သည် ၂၀၁၅ ဧပြီလမှ ၂၀၁၆ မတ်လအတွင်း အမေရိကတွင် ၀ယ်ယူခဲ့သည့် နေအိမ်ပေါင်း ၂၁၄၈၈၅ ရှိသည်။
-နိုင်ငံခြားဝယ်လက်တို့ အဓိက၀ယ်ယူသည်မှာ တန်ဖိုးကြီးဇိမ်ခံလူနေအိမ်များ ဖြစ်ကြသည်။
-အမေရိကတွင် နိုင်ငံခြားဝယ်လက်တို့ နေအိမ်ဝယ်ယူမှု အများဆုံး ပြည်နယ် ၅ ခုမှာ ဖလော်ရီဒါ (၂၂ ရာခိုင်နှုန်း) ၊ ကယ်လီဖိုးနီးယား (၁၅ ရာခိုင်နှုန်း) ၊ တက္ကဆပ် (၁၀ ရာခိုင်နှုန်း) ၊ အရီဇိုးနား (၄ ရာခိုင်နှုန်း) နှင့် နယူးယောက် (၄ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)