ကမ္ဘာဒီးယားတွင် လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍတို့မှာ ၀င်ရောက်လုပ်ကိုင်သူ အလွန်များပြားကာ မရေရာမှုများဖြစ်ပေါ်နေချိန်တွင် developer များစွာမှာ ယင်းကဏ္ဍတို့ကို ကျောခိုင်းစွန့်ခွာလျက်ရှိရာ စက်မှုဇုန်အဆောက်အအုံများဆောက်လုပ်သည့် ဈေးကွက်သည်သာ အလားအလာကောင်းဖွယ်ရှိကြောင်း ကမ္ဘောဒီးယားအိမ်ခြံမြေကျွမ်းကျင်ပုဂ္ဂိုလ်တို့က ခန့်မှန်းကြကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ထို့အပြင် ကမ္ဘောဒီးယားတွင် လူနေအိမ်ခြံမြေဈေးကွက်၌ ပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်လာနိုင်ဖွယ်ရှိကြောင်း developer တို့နှင့် ရင်းနှီးမြှုပ်နှံသူတို့က သုံးသပ်လျက်ရှိချိန်တွင် စက်မှုဇုန်ကဏ္ဍသည်သာ စိတ်ချရသည့်ရင်းနှီးမြှုပ်နှံမှု safe haven ဖြစ်လာဖွယ်ရှိကြောင်းလည်း ခန့်မှန်းကြသည်။
“သူတို့ရတက်မအေးဖြစ်တာ မှန်ပါတယ်။ လက်ရှိအားဖြင့် လူနေကွန်ဒိုဈေးကွက်ကို လာမယ့် ၂ နှစ်အတွင်း အခန်းသစ်ပေါင်း ၂၀၀၀၀ ကနေ ၂၅၀၀၀ အထိ ၀င်လာဖွယ်ရှိနေတယ်။ ငှားရမ်းအားနဲ့ တကယ်နေထိုင်မှု အပြည့်အ၀ရှိဖို့ဆိုတာ မရေရာပါဘူး”ဟု မက်ဇမ်အိမ်ခြံမြေကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဆာရာဘို့သ်အာက ပြောကြားသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားတွင် အထည်ချုပ်နှင့် ဖိနပ်စက်ရုံပေါင်း ၁၅၀ ၀န်းကျင် ပိတ်သိမ်းသွားခဲ့သော်လည်း လက်ရှိလည်ပတ်နေသည့် စက်ရုံများသည် ဖနွမ်းပင်တစ်မြို့တည်းတွင်ပင် စတုရန်းမီတာ ၅ သန်းကျော် အကျယ်အ၀န်း နေရာယူထားကြောင်း ဘွန်နာအိမ်ခြံမြေကုမ္ပဏီမှ ဒါရိုက်တာ ဆောင်စီနာက ပြောကြားသည်။
မကြာသေးမီကာလများအတွင်း စက်မှုဇုန်ဈေးကွက်သည် မြို့တော်၏ တောင်ပိုင်းသို့ ရွှေ့သွားသည်။
အဓိကအကြောင်းရင်းမှာ ဖနွမ်းပင်မြို့တော်၏ မြို့ပေါ်ဒေသများတွင် မြေဈေးအဆမတန်မြင့်တက်နေမှုများကြောင့် ဖြစ်သည်။
စက်မှုဇုန်အဆောက်အအုံများ ဆောက်လုပ်ခြင်းမှ အမြတ်အစွန်းရရှိမှုနည်းပါးသည်ဆိုသော်လည်း ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တည်ငြိမ်စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သုံးသပ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)