လုပ်ငန်းရပ်ဆိုင်းထားပြီး တည်ဆောက်ခွင့်ပြုဖို့ ပြန်လည်စစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂လုံးရဲ့ ရလဒ်အဖြေကို အဲသည်ကုမ္ပဏီတွေကို အကြောင်းကြားမှာ မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေငြာချက် ထုတ်ပြန်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)က သိရပါတယ်။
မြေပြင်ကွင်းဆင်း စစ်ဆေးလို့ရတဲ့ ရလဒ်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပေးပို့ထားပြီးဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။အသေးစိတ် အချက်အလက်တွေကိုတော့ သည်အပတ်ထဲမှာ ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
တည်ဆောက်ခွင့် ရပ်ဆိုင်းခံထားရတဲ့ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို မြေပြင်ကွင်းဆင်း စစ်ဆေးမှုကို ဇွန်လ ၂၁ရက်နေ့က စတင်ခဲ့တယ်။ရလဒ်အဖြေကို မထုတ်နိုင်သေးဘူးလို့ သိရပါတယ်။သည်အဆောက်အအုံ ၁၂လုံးကို တည်ဆောက်ခွင့်ရပ်ဆိုင်းထားပြီး ဆောက်လုပ်ခွင့်နဲ့ ပတ်သတ်ပြီး ပြန်လည်သုံးသပ်နိုင်ဖို့ ကွင်းဆင်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံ အလုံး ၁၄၀ ကျော်ကို မြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီစေဖို့ အသေးစိတ် ပြန်စိစစ်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၂၀ရက်နေ့က ကြေငြာချက်ထုတ်ထားတာ ဖြစ်ပါတယ်။
Credit: Kumudra