အဆောက်အအုံ ဆောက်လုပ်ခွင့် မမှုတွဲကို သည်လ(၁) ရက်နေ့ကစပြီး ပြန်လည်လက်ခံနေပြီလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) က သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) က ဌာနမှူးက ‘ဒီ ၁ရက်နေ့ကနေ သုံးထပ်အမြင့်နဲ့ ကိုယ်ပိုင်အိမ်တွေကို ပြန်လည်လက်ခံနေတယ်၊ အထပ်မြင့်တွေကိုတော့ အမှုတွဲဟောင်းတွေ ဖြတ်ပြီးမှ အသစ်လက်ခံမယ်’ လို့ ပြောပါတယ်။
အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်တင်ထားတဲ့ အမှုတွဲဟောင်း ရာဂဏန်းရှိနေပြီး သည်အမှုတွဲဟောင်းတွေကို စည်ပင်သာယာကော်မတီဝင် သစ်တွေကို တင်ပြပြီး တည်ဆောက်ခွင့်ချပေးနေတာ ဖြစ်ပါတယ်။အထပ်မြင့်ငါးထပ်ကနေ ရှစ်ထပ်ခွဲအထိ ပါဝင်တယ်လို့ သိရပါတယ်။
အမှုတွဲ အသစ်ကိုတော့ ကိုယ်ပိုင်အိမ်ဆိုရင် အထပ်မြင့် လေးထပ်အထိနဲ့ ကန်ထရိုက်တိုက်ခန်းကိုတော့ သုံးထပ်အထိပဲ တင်ခွင့်ပြုထားပါတယ်။
စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့အတွက် အဆောက်အအုံ တည်ဆောက်ခွင့်မူက လက်ရှိရန်ကုန်မြို့ အနေအထားနဲ့ မကိုက်ညီတော့တာကြောင့် အသစ်ပြန်လည်ရေးဆွဲတာ ဖြစ်ပါတယယ်။ပြီးခဲ့တဲ့ အစိုးရလက်ထက်က တင်ထားတဲ့ အမှုတွဲဟောင်းတွေကို မူဟောင်းနဲ့ ခွင့်ပြုမိန့် ချပေးမှာ ဖြစ်ပါတယ်။
မူဝါဒအသစ်ကိုလည်း အများပြည်သူ သိရှိအောင် သတင်းစာ စတဲ့ မီဒီယာတွေကနေ ကြေငြာပေးမှာ ဖြစ်ပါတယ်။လက်ရှိအစိုးရလက်ထက်မှာ အဆောက်အအုံတည်ဆောက်တဲ့ မူဝါဒအသစ်ရေးဆွဲတာ၊ အထပ်မြင့် အဆောက်အအုံတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးဆောင်ပြီး စိစစ်ဆောင်ရွက်နေပါတယ်။
အဆောက်အအုံတွေ ပြန်လည်စိစစ်ဖို့ လက်ရှိကျင့်သုံးနေတဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကျောရိုးယူပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ မူဝါဒသစ် ရေးဆွဲမှာ ဖြစ်ပါတယ်။အဆောက်အုံ ဆောက်လုပ်ခွင့် မူဝါဒအသစ်က အကြမ်းဖျင်း ရေးဆွဲလို့ ပြီးပြီလို့ သိရပါတယ်။
Credit: Kumudra