ရန်ကုန်မြို့မှာ အရိုးစွဲနေတဲ့ ကျူးကျော်ပြသနာကို ဖြေရှင်းဖို့ အစိုးရသစ်သက်တမ်း တစ်လခွဲအကြာမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စတင်ကိုင်တွယ်ခဲ့ပါတယ် ။
အစီအစဉ်ကတော့ ကျူးကျော်နေထိုင်သူစာရင်းကို ကောက်ခံမှာဖြစ်ပြီး နေစရာနဲ့ အလုပ်အကိုင်ဖန်တီးပေးမှာဖြစ်ပါတယ် ။ သည်အစီအစဉ်ကို မေလ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းမီဒီယာတွေကို ချပြခဲ့ပါတယ် ။
ကျူးကျော်ပြသနာကှိုဖြေရှင်းဖို့ ပထမ ခြေလှမ်းဖြစ်တဲ ကျူးကျော်စာရင်းကောက်တာကိုတော့ သည်နေ့အထိ တရားဝက်ဆောင်ရွက်တာ မတွေ့ရသေးပါဘူး ။
လိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ‘အောက်ခြေမှာတော့ မြို့နယ်ကနေ ညွန်ကြားလို့ တစ်ခါကောက်ထားတာရှိတယ် ၊ ဝန်ကြီးချုပ်ကနေ ညွန်ကြားလို့ကောက်တာလား မကောက်တာလားတော့ ကျွန်တော်တို့ မသိဘူး ၊ မြို့နယ်တစ်ခါကောက်ထားတာရှိတယ် ၊ အဲဒီစာရင်းက မသေချာဘူး ၊ တိုင်းဒေသကြီးအဖွဲ့က ညွန်ကြားချက်နဲ့ ကောက်တာလား ၊ ကျွန်တော်တို့ ဂဃနဏ မသိဘူး’ လို့ ပြောပါတယ် ။
အိမ်ကဆင်းပေးရပြီ
ကျူးကျော်စာရင်းကောက်ဖို့ တိကျတဲ့အဖြေမရှိသေးတဲ့အချိန်မှာ ကျူးကျော်နေထိုင်တဲ့ ရပ်ကွက်တွေမှာတော့ မြေလုပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် ။
လိုင်သာယာအဆင့်မြင့်မှတ်တိုင်နားက စတားလိုက်ကွင်း ကျူးကျော်ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်လဲ့ဝင်းက ‘ဝန်ကြီးချုပ်ပြောတာ နောက်နေ့သတင်းစာတွေမှာ ပါတာနဲ့ ပြသနာတွေစတာပဲ ၊ အဲဒီနေ့ညပဲ ငှားနေတဲ့ ကျူးကျော်တွေနှင်ချခံရတာ ၊ ဒီဘက်ခြမ်းမှာ အဲဒီလို နှင်ချခံရတဲ့ မိသားစု ၁၂ စုလောက်ရှိတယ်’ လို့ပြောပါတယ် ။
စတားလိုက်ကွင်းမှာက တကယ်နေထိုင်တဲ့ ကျူးကျော်တွေရှိသလို မြေဦးပြီး အဆောင်ငှားစားတဲ့သူတွေလည်း ရှိပါတယ် ။
အသက် ၆၂ နှစ်ရှိတဲ့ အဘွားဒေါ်ခင်အေးကြူက ‘အဆောင်ရှင်က ညတွင်းချင်းဆွဲချတာ ၊ မငှားတော့ဘူး ၊ ကျွန်တော်တို့ ထောင်ကျမခံနိုင်ဘူး ၊ ငှားစာရင်းထောင်ေချမယ်ပြောတယ် ဆိုပြီး ညတွင်းချင်းအဆောင်ကနေ ဆင်းပေးခဲ့ရတယ်’ လို့ပြောပါတယ် ။
ကလေးနှစ်ယောက် ၊ ကိုယ်ဝန်သည်သမီးနဲ့ အသက် ၆၀ ကျော်နေတဲ့ ဒေါ်ခင်အေးကြူတို့မိသားစု မိုးသည်းတဲ့ညမှာပဲ အထုပ်အပိုးတွေနဲ့ ကျူးကျော်ရပ်ကွက်က လမ်းပေါ်ရောက်ခဲ့ပါတယ် ။ ဘဝတူကျူးကျော်မိသားစုက သူတို့အိမ်မှာခေါ်ထားလို့ လက်ရှိအဲသည်အိမ်မှာ ကပ်နေရတယ်လို့ သိရပါတယ်။
စတားလိုက် ကျူးကျော်ရပ်ကွက်မှာ တန်းလျားရှည်ဆောက်ပြီး တစ်ခန်းကို ကျပ် ၂၀,၀၀၀ ကနေ ၂၅,၀၀၀ အထိ လစဉ်ပေးပုံစံနဲ့ ငှားရမ်းတာဖြစ်ပါတယ် ။
လက်ရှိသည်အဆောင်တွေကို အဆောင်ရှင်ရဲ့ ဆွေမျိုးတွေကို ပေးနေထားတယ်လို့ သိရပါတယ် ။
ဦးဖြိုးမင်းသိန်းက ‘နိုင်ငံရဲ့ဒီနေ့အခြေအနေဟာ မင်းမဲ့စရိုက်ဆန်ဆန် မြေကွက်တွေကို အတင်းဝင်လုပ်ပြီး စီးပွားရှာနေတဲ့ပုံစံ ရှိပါတယ် ၊ ဒီအခြေအနေကိုတော့ တည်ဆဲဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်’ လို့ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်းနဲ့ လက်ဗွေနဲ့ မျက်နှာကို မှတ်တမ်းတင်မှာပါ ။ နောက်တစ်နေရာမှာ မှတ်တမ်းတင်ထားတာနဲ့ စက်မှာလာပေါ်မှာပါ ။ စာရင်းတိတိကျကျဖောပြနိုင်ဖို့ ပြင်ဆင်ထားပြီးသားဖြစ်ပါတယ် ။
စာရင်းကောက်ယူပြီးနောက်ကြောင်းလိုက်မှာပါ ။ ရာဇဝတ်မှုကျူးလွန်သူတွေ အများကြီးရှိတယ် ။ အလုပ်မလုပ်ဘဲနဲ့ ဘာမှအလကားရမှာမဟုတ်ဘူးလို့ ဦးဖြိုးမင်းသိန်းက သူ့ရဲ့ကျူးကျော်အစီအစဉ်ကို ချပြပါတယ် ။
ကိုယ်ထူကိုယ်ထ
ကျုးကျော်ရပ်ကွက်နေသူတွေက အစိုးရက တရားဝင်စာရင်းမကောက်သေးပေမဲ့ ကိုယ့်အပိုင်းအလိုက် စာရင်းကောက်နေကြပါတယ် ။
ကျူးကျော်ရပ်ကွက်မှာနေတဲ့ ဒေါ်လဲ့လဲ့ဝင်းက ကျွန်မတို့ကျူးကျော်ရပ်ကွက်မှာ ကျွန်မဦးစီးပြီးစာရင်းကောက်ထားတယ် ။ ငှားနေတဲ့အိမ်ဘယ်နှအိမ် ၊ ကိုယ်တိုင်ကျူးနေတဲ့အိမ် ၊ ဝယ်နေတဲ့အိမ်နဲ့ လူမနေဘဲ တဲထိုးထားတဲ့ အိမ်တွေဆိုပြီးစာရင်းစာအုပ်တွေနဲ့ ကောက်ထားတယ် ။ အစိုးရက စာရင်းလာကောက်ရင်လဲ ဒီစာရင်းတွေထုတ်ပြဖို့ ရည်ရွယ်ပြီးကောက်ထားတာ’လို့ ပြောပါတယ် ။
ကိုယ်ထူကိုယ်ထ အခကြေးငွေမယူဘဲ ကောက်သူတွေရှိသလို စာရင်းမှာပါချင်ရင် တစ်အိမ်ထောင်ဘယ်လောက်ပေးရမယ်ဆိုပြီး အမြတ်ထုတ်တဲ့သူတွေလည်း ရှိပါတယ် ။
ဒဂုံဆိပ်ကမ်းမှာနေတဲ့ ကျူးကျော်တွေကို အိမ်ပေးဖို့စာရင်းကောက်ခိုင်းနေတယ်ဆိုပြီး ကျူးကျော်တစ်အိမ်ထောင်ကို စာရင်းပါဖို့ ၂၀၀၀ ကျပ်ဆီကောက်ခံခဲ့တယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေတဲ့ ကျူးကျော်တွေဆီက သိရပါတယ် ။
လက်ရှိကျူးကျော်တွေကို လှိုင်သာယာအပါအဝင် မြို့နယ်တချို့မှာမြို့နယ်က စာရင်းကောက်ခံတာတွေ ရှိပေမဲ့ ဘာအတွက်ကောက်တာလဲဆိုတာ မသိရပါဘူး ၊ ရန်ကုန်မြို့မှာ ကျူးကျော် ၃၀၀,၀၀၀ ခန့်ရှိမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ် ။
မပြောင်းချင်ကြသူများ
ရောက်စက ခဏခဏဖျက်ခံနေရတာ ၊ လမ်းပေါ်မှာနေတယ်ဆိုတာ အမြဲတမ်းမဟုတ်တောင် လေးငါးလလောက်တစ်ခါ ၊ တစ်ခါတလေကျလဲ ဖျက်ထား ၊ ပုံထားပြီးမြေကြီးပေါ်မှာပဲ နေရတာပေါ့ ၊ ဝန်ကြီးချုပ်ပြောတာတွေသိတာ တော့သိတယ် ၊ ရင်မခုန်ဘူးဆိုတာ ဒီနေရာလေးမှာ နေသွားလို့ရရင် အလုပ်လုပ်သွားလို့ရရင်တော်ပြီလေ ၊ မက်မောလို့လာနေတာမဟုတ်ဘူး ၊ အဲဒီလိုသတင်းတွေ ကြားတယ် ၊ လက်ရှိနေတဲ့တဲတွေကို ရောင်းတဲ့လူတွေလဲရှိတယ် ၊ သူတို့ပေးတာလဲ မလိုချင်ဘူး ၊ လက်ရှိကိုယ်လုပ်ကိုင်စားလို့ရတဲ့နေရာလေးမှာ နေရရင်တော်ပြီ’လို့ နာဂစ်နောက်ပိုင်းက ဧရာဝတီတိုင်းမြင်းကကုန်းရွာက ပြောင်းလာတဲ့ ကိုဝဏ္ဏစိုးတို့ ဇနီးမောင်နှံက ပြောပါတယ် ။
ကိုဝဏ္ဏစိုးတို့က ဧရာဝတီတိုင်းမှာ ငါးပိုက်ထောင်တဲ့အလုပ်လုပ်ကိုင်ကြတယ် ။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် နယ်မှာလုပ်ကိုင်စားသောက်ဖို့ ခက်ခဲလို့ မိသားစုငါးယောက်လုံး လိုင်သာယာအဆင့်မြင့်မှတ်တိုင်နားက မင်းကြီးမဟာမင်းခေါင်လမ်းမှာ ကျူးကျောတဲဆောက်ပြီး နေတာဖြစ်ပါတယ် ။
ကျူးကျော်အများစုက ကိုယ့်နေရပ်မှာ အသားကျနေပြီး ဈေးရောင်းတာ စက်ရုံနဲ့ကျပန်းအလုပ်အကိုင်ကောင်းတဲ့ စက်မှုဇုန်တွေနားမှာ နေချက်ကြပါတယ် ။
ကိုဝဏ္ဏစိုးရဲ့ ဇနီး မသန္တာစိုးက ကိုယ့်ရွာပြန်ဖို့ကလည်း အဆင်မပြေဘူး ။ ဘယ်ကမှလက်သင့်ခံမှာ မဟုတ်ဘူးလို့ ညည်းတွားနေပါတယ်။
Credit: The Modern