သတ်မှတ်ထားတဲ့ အမည်ပေါက်ပြုလုပ်ခွင့်ရှိတဲ့ မြေအကျယ်အဝန်း မပြည့်တဲ့ ခွဲစိတ်ရောင်းချထားတဲ့မြေကို ဝယ်ယူထားသူတွေအနေနဲ့ တရားဝင်ဖြစ်အောင် အရှုပ်အရှင်းကင်းအောင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုထားသင့်တယ်လို့ သိရပါတယ်။
မြေကို ခွဲစိတ်ရောင်းချဝယ်ယူခွင့် မရှိပေမယ့် အရပ်ထဲမှာတော့ နားလည်မှုနဲ့ အရပ်စာချုပ်တွေ ချုပ်ပြီး ၁၀ ပေ အကျယ်၊ ၁၅ ပေ အကျယ်တွေကို ခွဲစိတ်ဝယ်ယူနေထိုင်ကြတာပါ။ မြို့သစ်တွေ၊ ဆင်ခြေဖုံးမြို့နယ်တွေမှာ ပိုများပါတယ်။ မြေယာပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး လိမ်လည်မှုတွေ၊ အရှုပ်အရှင်းအမှုအခင်းပုံစံ အမျိုးမျိုးနဲ့ ဖြစ်နေတာကြောင့် ကိုယ်ပိုင်တဲ့ မြေအမျိုးအစားအလိုက် ပိုင်ဆိုင်မှုခိုင်မာအောင် ပြုလုပ်ထားသင့်တယ်လို့ သိရပါတယ်။
ဘိုးဘွားပိုင်မြေနဲ့ ဂရန်မြေ အမျိုးအစားဆိုရင် မှတ်ပုံတင်စာချုပ် ပြုလုပ်ပြီး တရားဝင် ဝယ်ယူနိုင်တယ်လို့ အကျိုးဆောင်ရှေ့နေတချို့ဆီက သိရတယ်။ မြေကွက်အမည်ပေါက်အဖြစ် ပြောင်းလဲနိုင်တာက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အနည်းဆုံး မျက်နှာစာက ပေ ၂၀ ရှိရမှာပါ။ ခွဲစိတ်ပြီးမြေကွက်ဧရိယာက အနည်းဆုံး စတုရန်းပေ ၁၂၀ဝ ရှိရမှာဖြစ်တယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်မိုးက ‘အမည်ပေါက်ဖြစ်တဲ့မြေကို ခွဲစိတ်ဝယ်တာမျိုးပဲ တရားဝင်မှတ်ပုံတင်နိုင်တာ၊ အဆင့်ဆင့်နဲ့ လက်ဆင့်ကမ်း ဝယ်ထားတာ၊ အရပ်စာချုပ်တွေနဲ့ဆို မှတ်ပုံတင်လို့ မလွယ်ဘူးလို့ ပြောပါတယ်။
ဈေးကွက်ထဲမှာတော့ မြေဈေးမြင့်တာကြောင့် တချို့က မြေကွက်အပြည့်မဝယ်နိုင်ဘဲ ခွဲစိတ်ဝယ်ယူပြီး နှစ်ဦးနှစ်ဖက်နားလည်မှုနဲ့ အရပ်စာချုပ် ချုပ်ကြတယ်။ ရောင်းတဲ့သူက စာရွက်စာတမ်း မူရင်း ဒါမှမဟုတ် စာရွက်စာတမ်းအပြည့်အစုံကို ယူထားကြပြီး၊ ဝယ်ယူထားသူက စာရွက်စာတမ်း မိတ္တူပဲ ရရှိတာမျိုး၊ တချို့ဆို အရပ်စာချုပ်တစ်ခုတည်းကိုပဲ ကိုင်ထားခွင့်ရှိတာမျိုးတွေနဲ့ အရောင်းအဝယ်ပြုလုပ်နေကြတာ ဖြစ်တယ်လို့ သိရတယ်။
ဝယ်ယူတဲ့မြေက ပေ ၂၀ မြေကွက်ကနေ ခွဲဝယ်တာမျိုးဆို ရောင်းတဲ့သူက အမည်ပေါက်ဆိုရင် မှတ်ပုံတင်အရောင်းစာချုပ် ချုပ်လို့ရတယ်။ အမည်ပေါက်မဟုတ်ခဲ့ရင် အခက်အခဲရှိနိုင်ပေမယ့် ဝယ်ယူထားသူက တရားရုံးကနေ တစ်ဆင့်တောင်းခံပြီး ပြုလုပ်နိုင်တယ်လို့ သိရတယ်။
အမည်ပေါက် မဟုတ်လို့ တရားရုံးကတစ်ဆင့် တောင်းခံရတယ်ဆိုတာက ရောင်းတဲ့သူနဲ့မူလအမည်ပေါက်သူတွေဆီက တောင်းခံရတာဖြစ်ပါတယ်။ အမည်ပေါက်ရှာမတွေ့တော့တာမျိုးဆို တရားရုံးအမိန့်အတိုင်း၊ ဥပဒေအတိုင်း ပြုလုပ်လို့ရတယ်လို့ သိရပါတယ်။ သတင်းစာထဲကနေ ကြော်ငြာထည့်သွင်းပြီး တရားဝင်မှတ်ပုံတင်လို့ ရတာပါ။
အမွေဆက်ခံခွင့်နဲ့ ရောင်းတာမျိုးတွေမှာလည်း မခွဲစိတ်ရသေးတဲ့မြေကွက်အဖြစ် ဖော်ပြပြီး အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ပြုလုပ်လို့ရတယ်လို့ သိရပါတယ်။
Credit: Kumudra News