ဒူဘိုင်းတွင် အစိုင်အခဲစွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်မည့်၊ အရှေ့အလယ်ပိုင်းတွင် အကြီးမားဆုံးဓာတ်အားပေးစက်ရုံကိုကန်ဒေါ်လာ ၅၄၄ သန်းကျော် အကုန်အကျခံကာတည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
စွန့်ပစ်ပစ္စည်းများဖြင့် မြေဖို့နေခြင်းများကိုလာမည့် ၂၀၂၁ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိလျှော့ချနိုင်ရေးအမျိုးသားအာဂျန်ဒါချမှတ်ထားရာယင်းအာဂျန်ဒါနှင့်အညီယခုကဲ့သို့ စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် စီစဉ်ခြင်းလည်း ဖြစ်သည်။
စွန့်ပစ်ပစ္စည်းများဖြင့် မြေဖို့ခြင်းကြောင့် မီသိန်းဓာတ်ငွေ့ထွက်ရှိကာ သဘာဝပတ်ဝန်းကျင်ထိခိုက်နေမှုများကို ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်ဟုအာရပ်စော်ဘွားများပြည်ထောင်စုမှ အဆင့်မြင့်အရာရှိတစ်ဦးပြောကြားသည်။
အဆိုပါဓာတ်အားပေးစက်ရုံဆောက်လုပ်ပြီးစီးရန်အတွက် ၃ နှစ်ခန့်အချိန်ယူရမည်ဖြစ်ကြောင်းဒူဘိုင်းစည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့မှ အထွေထွေညွှန်ကြားရေးမှူး ဟူစိန် နာဆာလူးတားကပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်ကာလအတွင်းစတင်လည်ပတ်နိုင်မည်ဟုခန့်မှန်းထားသည်။
ပထမဆင့် စက်ရုံလည်ပတ်ခြင်းတွင် နေ့စဉ်စွန့်ပစ်ပစ္စည်း ၂၀၀၀ မက်ထရစ်တန်မှ လျှပ်စစ်ဓာတ်အား ၆၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ယခုစီမံကိန်းမှာစိမ်းလန်းစွမ်းအင်ထုတ်လုပ်ရေးစီမံကိန်း ၄ ခုလျာထားသည့်အနက် ပထမဆုံးစီမံကိန်းဖြစ်ကြောင်းဒူဘိုင်းစည်ပင်သာယာအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး အက်ဆာအယ်လ် မိုင်ဒေါကပြောကြားသည်။
ဒူဘိုင်းအာဏာပိုင်တို့ကလာမည့် ၂၀၂၀ ပြည့်နှစ်တွင် စိန်းလန်းစွမ်းအင်ထုတ်လုပ်ရေးကဏ္ဍမှ စုစုပေါင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၇ ရာခိုင်နှုန်းထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)