ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ချင်းပြည်နယ်အတွင်း ဝန်ထမ်းအိမ်ရာနဲ့ ရုံးတွေ ဆောက်လုပ်အကောင်အထည်ဖော်ဖို့ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူနေတယ်လို့ သိရပါတယ်။
“တင်ဒါတွေကိုတော့ ဒီ ၁၃ ရက် နေ့က စတင်ပြီး ရောင်းချတယ်၊ ရှေ့ လ ၁၅ ရက်နေ့အထိ ရက်သတ်မှတ်ထားတယ်”လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ် ဟားခါးမြို့၊ ဖလမ်းမြို့နဲ့ မင်းတပ်မြို့တွေမှာ လုပ်ငန်းအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဆောက်လုပ်မယ့် လုပ်ငန်းတွေကတော့ ဟားခါးမြို့နယ်မှာ သံကူကွန်ကရစ် ၄ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ ၂ လုံး၊ သံကူကွန်ကရစ် ၂ ခန်းတွဲ ၃ ထပ် မြို့နယ်ရုံးနဲ့ နေအိမ် ၁ လုံး၊ သံကူကွန်ကရစ် ၂ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ ၁ လုံး၊ ဖလမ်းမြို့နယ်မှာတော့ သံကူကွန်ကရစ် ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ ၂ လုံး၊ သံကူကွန်ကရစ် ၃ ထပ် မြို့နယ်ရုံးနဲ့ လူနေအိမ် ၁ လုံး၊ မြေထိန်းနံရံ ကာရံခြင်းနဲ့ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းတို့ ဖြစ်ပါတယ်။
မင်းတပ်မြို့နယ်မှာတော့ သံကူကွန်ကရစ် ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ ၂ လုံး၊ သံကူကွန်ကရစ် ၃ ထပ် မြို့နယ်ရုံးနဲ့ နေအိမ် ၁ လုံး၊ ခြံစည်းရိုးကာရံခြင်း စတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ တင်ဒါတင်သွင်းမယ့် ကုမ္ပဏီတွေအနေနဲ့ ဦးစီးဌာနက သတ်မှတ်ထားတဲ့ လုပ်ငန်းစံနှုန်း၊ ဒီဇိုင်းပုံတွေနဲ့အညီ အသေးစိတ် ရေးဆွဲတွက်ချက်ပြီး ကုမ္ပဏီရဲ့ ပရု၏ိလေ ကိုလည်း တစ်ခါတည်း တင်ပြရမှာ ဖြစ်ပါတယ်။
တင်ဒါလုပ်ငန်းတစ်ခုထက် ပိုတင်သွင်းလိုတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာလုပ်ငန်းတစ်ခုချင်းအတွက် သတ်မှတ်ထားတဲ့ အာမခံကြေး ပေးသွင်းပြီးမှ တင်ဒါပုံစံတစ်ခုချင်း တင်ပြရမှာ ဖြစ်ပါတယ်။ ပြည်နယ်ညွှန်ကြားရေးမှူးရုံး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ချင်းပြည်နယ်မှာ တင်ဒါပုံစံ ဝယ်ယူရမှာ ဖြစ်တယ်။
Credit: Kumudra News