ဈေးကွက်ထဲမှာ ဈေးနှုန်းသက်သာပြီး လူနေခွင့်မရှိတဲ့ လယ်မြေအမျိုးအစား မဟုတ်တဲ့ ရွာမြေကို ဝယ်ယူနေထိုင်မှုတွေ ရှိလာကြတာကြောင့် ဝယ်ယူသူတွေအနေနဲ့သတ်မှတ်ထားတဲ့ ကျေးရွာနယ်နိမိတ်အတွင်း ပါဝင်မှသာ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
မြေဈေးက အမြင့်ပိုင်းရောက်လာတာကြောင့် တချို့က ရွာမြေတွေကိုပါ ဝယ်ပြီး ရင်းနှီးမြှုပ်နှံကာ ဝယ်ရောင်းလုပ်ကြတာတွေ ရှိပါတယ်။ ဝယ်ရောင်းလုပ်တဲ့သူထက် နေဖို့ ဝယ်တဲ့သူတွေအတွက် သတ်မှတ်ပေးထားတဲ့ ကျေးရွာနယ်နိမိတ်အတွင်းမှာ မပါတဲ့ မြေကို ဝယ်မိရင် အခက်အခဲရှိနိုင်တာကြောင့် သက်ဆိုင်ရာက သတ်မှတ်ပေးထားတဲ့ ကျေးရွာနယ်နိမိတ်
အတွင်းမှာ ရှိတဲ့ ရွာမြေကိုသာ ဝယ်ယူသင့်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
အကျိုးဆောင် ဦးကျော်စွာက ‘ရွာမြေကို ဝယ်ယူပြီး နေသူတွေ များလာပါတယ်၊ ဒဂုံအရှေ့ပိုင်းမှာဆို စစ်ပင်တောင်ဘက်မှာပါ၊ ပေ ၄၀ × ပေ ၆၀ တစ်ကွက်ကို ကျပ်သိန်း ၅၀ ကျော်လောက်အထိ ရှိခဲ့တာ၊ အခုတော့ ဈေးကျနေပါပြီ၊ ရွာမြေ အမည်ပေါက်တွေဆိုတော့ စိတ်ချလို့တော့ ရတယ်၊ ဝယ်သူက ရွာမြေအမည်ပေါက် တကယ်ဟုတ်ရဲ့လား မြို့နယ်မြေစာရင်းမှာ ကြည့်သင့်တယ်”လို့ ရှင်းပြပါတယ်။
ရွာမြေ မပေါက်သေးတာတွေ ရှိတာကြောင့် စုံစမ်းပြီးမှ ဝယ်သင့်တာပါ။ တချို့ရွာမြေတွေက ပါမစ်ကျဖို့ လျာထားပြီးသား နေရာတွေ ရှိတယ်လို့ သိရတယ်။ တချို့ဝယ်သူတွေမှာ ကျူးတွေ ကြုံရတာ၊ ကျေးရွာတိုးချဲ့လျှောက်လို့ မရတာတွေ ရှိတယ်လို့ ပြောပါတယ်။
ရွာမြေကစနစ်တကျ နေရာချထားပေးတဲ့ နေရာဆိုရင်
မြေပေးမိန့်နဲ့ ပုံစံ ၁၀၅၊ ၁၀၆ ဆွဲပြီး ဂရန်လျှောက်သလို လျှောက်လို့ရတာ ဖြစ်တယ်။ သက်ဆိုင်ရာက ခွင့်ပြုလို့ရတဲ့ နေရာဆိုရင် ၃ နှစ်သက်တမ်းနဲ့ ချပေးတာတွေ ရှိတယ်။ အဓိကက ရွာမြေဝယ်တယ်ဆိုရင် သက်ဆိုင်ရာဌာနက သတ်မှတ်ပေးထားတဲ့ ကျေးရွာနယ်နိမိတ်ထဲ ပါနေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က “တချို့နေရာတွေမှာ ပုံစံ ၁၀၅ ထုတ်ပေးပေမယ့် မြေစာရင်းဌာနမှာ လျှောက်လို့ မရတာတွေ ရှိတယ်”လို့ ပြောပါတယ်။
ဈေးကွက်ထဲမှာတော့ အရင်ကလို ဝယ်သူမများတော့ပေမယ့် နေဖို့အတွက် ဝယ်တဲ့သူတွေ ရှိတယ်လို့အကျိုးဆောင်တချို့က ပြောပါတယ်။ မြေကွက် ပေ ၂၀ × ပေ ၆၀ ကို ကျပ်သိန်း ၃၀ နဲ့ သိန်း ၃၀ အောက်မှာ ရှိပြီး အိမ်ဆောက်ပြီး အိမ်ငှားထားတာမျိုးတွေလည်း ရှိတယ်လို့ သိရတယ်။ အိမ်ငှားရမ်းခက တစ်လကို ကျပ် ၂၀,ဝ၀ဝ ဝန်းကျင်၊ ၂၀,ဝ၀ဝ ကျော် ရတယ်လို့ ပြောပါတယ်။
Credit: Kumudra News