အထက်တန်းစာမေးပွဲအောင်ခဲ့ရုံမျှသာပညာရေးရှိသော ဒူဝမ်ချန်းတို့ ဇနီးမောင်နှံ တောင်ကိုရီးယားမှ အမေရိကသို့ ၁၉၈၁ ခုနှစ်က အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။ အမေရိကတွင် ရပ်တည်နိုင်ရန်အတွက် ဒူဝမ်ချန်းသည် အလုပ်သုံးခု တစ်ပြိုင်တည်းလုပ်ခဲ့ရ၏။ အမေရိကသို့ အ၀တ်တစ် ထည်ကိုယ်တစ်ခုဖြင့် ထွက်ခွာသွားခဲ့သော ဒူဝမ်ချန်းတို့ ဇနီးမောင်နှံ ယနေ့တွင် အခြေအနေမည်သို့ ရှိပါသနည်း။
(အစောပိုင်းဘ၀)
ဒူဝမ်ချန်းသည် တောင်ကိုရီးယားနိုင်ငံသားဖြစ်၏။ တောင်ကိုရီးယားတွင်လည်းသူ၏ ဘ၀မှာ ကြီးကျယ် ခမ်းနားခြင်း မရှိ။ ဆွေကြီးမျိုးကြီးမှ မွေးဖွားလာသူမဟုတ်။
တောင်ကိုရီးယား ရှိကော်ဖီဆိုင်များတွင် အလုပ်သမား ဘ၀ဖြင့် ကြီးပြင်းခဲ့ရသည်။ အမေရိကသို့ ဇနီးဖြစ် သူဂျင်ဆွတ်ချန်နှင့်ထွက်ခွာလာချိန်တွင် ဒူဝမ်ချန်း၌ ခိုင်မာတိကျသောအိပ်မက်တစ်ခုအသေအချာ ရှိနှင့်ခဲ့ပြီး ဖြစ်၏။
၎င်းတို့၏ မြို့ကလေးတွင် အဝတ်အထည် လုပ်ငန်းမှ စီးပွားရေး လုပ်ငန်းရှင်များ ကတန်ဖိုးကြီး ဇိမ်ခံကားများ စီးကာသွားလာနေကြ သည်ကိုတွေ့မြင်ဖူးခဲ့ချိန်မှစ၍ တစ်နေ့တွင် အ၀တ်အထည်လုပ်ငန်းကို အခြေချ လုပ်ကိုင်မည်ဟူသောအိပ်မက်အတိအကျ ချမှတ်ထားခဲ့သည်။
(အိပ်မက်အားလက်တွေ့အကောင်အထည်ဖော်ခြင်း)
ဒူဝမ်ချန်းတို့ဇနီးမောင်နှံသည် ၎င်းတို့၏အိပ်မက် ကိုလက်တွေ့အကောင်အထည်ဖော်ခြင်းမှာ ၁၉၈၄ ခုနှစ်တွင် ဖြစ်သည်။ လော့စ်အိန်ဂျလိ ရှိ Highland Park တွင် စတိုင်းဆိုင်ငယ်ကလေးတစ်ဆိုင်ကို Fashion 21 ဟူသောအမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
ချန်း၏ ပြင်းပြသော ဆန္ဒဇွဲကြောင့် လုပ်ငန်းမှာ တဖြည်းဖြည်း ကြီးထွားလာ၏။ ဆိုင်စဖွင့်သည့် ပထမဆုံးနှစ် တွင် ဒေါ်လာ ၇၀၀၀၀၀ ဖိုးရောင်းချရသည်။ နောက်ပိုင်း တွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများတွင် ဆိုင်ခွဲများတိုးချဲ့ဖွင့်လှစ်လာနိုင်ခဲ့သည်။
ဒူဝမ်ချန်းတို့ ဇနီးမောင်နှံကနောက်ပိုင်းတွင် Fashion 21 မှ Forever 21 ဟုအမည်ပြောင်းလိုက်ကြသည်။
ယင်းသို့ နာမည်ပြောင်း လဲလိုက်ပြီးနောက်ပိုင်း မှစတင်ကာလုပ်ငန်းမှာ လျင်မြန်စွာ ကြီးထွားလာခဲ့ရာယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ တွင် ဆိုင်ခွဲပေါင်း၇၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
အ၀တ်အထည်လုပ်ငန်းသို့ အခြေချလိုသည့် ချန်း၏ အိပ်မက်များကားအထမြောက်ခဲ့လေပြီ။
သက်ဆိုင်ရာလုပ်ငန်းအပေါ် ဂဃဏန သိနားလည်မှသာလျှင် အောင်မြင်မှု ဟူသည်မှာ ဆိုက်ရောက်လာ မည်ဖြစ်ကြောင်း ချန်းကမကြာခဏ ပြောပြတတ်သည်။ “အောင်မြင်မှုဆိုတာ တာတိုပြေးပွဲမဟုတ်ဘူး။ ဒါက တာဝေးပြေးပွဲတစ်မျိုးပဲ”ဟု ဒူဝမ်ချန်းက ဆိုသည်။ ချန်းသည် ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဘုရားကျောင်းများတွင် အလှူဒါနများ များစွာပြုလုပ်ခဲ့သည်။
သူ အနှစ်သက်ဆုံးစာအုပ် မှာသမ္မာကျမ်းစာဖြစ် သည်ဟုချန်း ကပြောကြားသည်။ ဒူဝမ်ချန်းတို့ဇနီးမောင်နှံ တွင် လင်ဒါနှင့် အက်စ်သာဟူသောသမီး ၂ ဦးထွန်းကားရာမိဘများ၏ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိကြသည်။
လင်ဒါကဈေးကွက် မြှင့်တင်ရေး လုပ်ငန်းများအတွက် တာဝန်ယူထားပြီး အက်စ်သာကဂရပ်ဖစ်ဒီဇိုင်း များရေးဆွဲခြင်းနှင့် ဆိုင်ခင်းကျင်းပုံကဏ္ဍ တို့ကို အကူအညီ ပေးလျက်ရှိသည်။ အာရှမှ အမေရိကသို့ အိပ်မက်အသီးသီး ကိုထွေးပိုက်ကာ စွန့်စားလာရောက်ကြသူများစွာအဖို့ ဒူဝမ်ချန်းတို့ ဇနီးမောင်နှံမှာ အားကျဖွယ်စံပြပုဂ္ဂိုလ် များဖြစ်လာကြသည်။
တောင်ကိုရီးယားမှ အ၀တ်တစ်ထည်ကိုယ် တစ်ခုဖြင့် အမေရိကသို့ အခြေချခဲ့သော ဒူဝမ်ချန်းတို့ ဇနီးမောင်နှံသည် ၁၉၈၄ တွင် စတိုးဆိုင်ငယ်ကလေး စတင်ဖွင့်လှစ်ကာ ပထမနှစ်အတွင်း ဒေါ်လာ ၇၀၀၀၀ ဖိုးရောင်းရ၏။ ယင်းနောက်ပိုင်း ခြောက်လတစ်ကြိမ် ဆိုင်ခွဲသစ်များဆက် တိုက်ဖွင့်လှစ်ခဲ့သည်။ Forever 21 ဖက်ရှင်ဆိုင်များ ကိုချန်းတစ်ဦးတည်း ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်။
ယခုအခါ အမေရိက၊ ဥရောပ၊ အာရှနှင့် အာဖရိကတို့တွင် ဆိုင်ခွဲပေါင်း ၇၂၃ ဆိုင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော် ဖိုးရောင်းချခဲ့ရသည်။ အောင်မြင်ရန်အတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ အိပ်မက်ကြီးကြီးမက်ရန်သာ ဖြစ်လေသည်။
ထိုအချက်ကို ဒူဝမ်ချန်းက သက်ရှိထင်ရှား သက်သေပြနေသည်။
(အချက်အလက်များ)
ကြွယ်ဝမှု- ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ
အသက်-၅၃ နှစ်
ကြွယ်ဝမှုဇာစ်မြစ်- ကိုယ့်ထူးကိုယ်ချွန်
နေအိမ်- လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်
နိုင်ငံသား-အမေရိကန်
အိမ်ထောင်ရေးအခြေအနေ- အိမ်ထောင်ရှိ
သားသမီး- ၂ ဦး
ပညာရေး- အထက်တန်း
အမှုဆောင်အရာရှိချုပ်- ဒူဝမ်ချန်း
စတင်တည်ထောင်ခြင်း- ၁၉၈၄ ခုနှစ်၊ ဧပြီလ ၂၁ ရက် (ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ၊Highland Park )
ဖောက်သည်ဝန်ဆောင်မှုဖုန်းနံပါတ်-00 1 213-741-8257
ဆိုင်ခွဲပေါင်း- ၇၂၃ ဆိုင်
တည်ထောင်သူများ- ဒူဝမ်ချန်း၊ ဂျင်ဆွတ်ချန်း
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)