ဒဂုံမြို့သစ် လေးထောင့်ကန်အနီးရှိ မြေဧက ၁၇၀ဝ ကျော်မှာ မြို့ပြတိုးချဲ့ဖို့ စီမံကိန်းရှိပေမယ့် အရောင်းအဝယ်မှာတော့ အောက်ဈေးနဲ့ ကောက်နေသူတွေကလွဲပြီး ငြိမ်သက်နေတုန်းပဲလို့ အကျိုးဆောင်တချို့ဆီက သိရတယ်။
သည်နေရာရဲ့ စီမံကိန်းဟာ မြို့ပြစီမံကိန်းရေးဆွဲရေးပညာရှင် ဒေါက်တာကျော်လတ် အကြံပြုထားတဲ့ သိပ်သည်းမှုတိုးမြှင့်ခြင်း ပြုလုပ်သင့်တဲ့ ပထမဦးစားပေး အဖြစ် ရန်ကုန်မြို့တိုးချဲ့ခြင်းလုပ်ငန်းမှာ ပြောထားတာပါ။
ဟံသာဝတီလေဆိပ်ကို သွားတဲ့ အမြန်လမ်းမကြီးပေါ်မှာ ရှိပြီး အပြင်မြို့ပတ်လမ်းကြီးအဖြစ် အတည်ပြုထားတဲ့ လမ်းပေါ်မှာလည်း တည်ရှိပါတယ်။ ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ လေးထောင့်ကန်ဘူတာလည်း တည်ရှိပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ လေ့လာချက်တွေအရ သင့်တော်တယ်ဆိုပြီး အကြံပြုထားတာပါ။
၂၀၁၄ ခုနှစ် အစပိုင်း ဝန်းကျင်ကတည်းက ဈေးကွက်ပျက်စပြုခဲ့ပြီး ဈေးကွက်အခုထိပျက်နေတဲ့ ဒဂုံမြို့သစ်ဈေးကွက်အတွက် ဆွဲဆောင်စရာ စီမံကိန်းတစ်ခု တိုးလာတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က အပြောင်းအလဲမြန်မြန် ဈေးတက်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အကွက်သေးတွေရဲ့ ဈေးက ကျပြီးရင်းကျလို့ ပြောလို့ရတဲ့အနေအထား ဖြစ်ပါတယ်။
ဒဂုံသီးသန့် အကျိုးဆောင် မကေသီက “လက်ရှိ ဈေးကွက်အနေအထားက မြေကွက်ကို
ပြန်ထုတ်ရောင်းရမလား၊ ကိုင်ထားရဦးမလား ဝေခွဲရခက်နေကြရတဲ့ အချိန်ပါ၊ အများစုကတော့ လမ်းမတန်းအကွက်တွေ၊ နောင်တစ်ချိန် စည်ကားမယ့်နေရာတွေ၊ စီမံကိန်းအနီး နေရာတွေကို ဦးတည်ပြီးလက်ထဲကိုင်ထားကြတယ်၊ ဈေးသက်သာတယ်ဆိုပြီး ဝယ်ထားတဲ့ အတွင်းကွက်တွေလောက်ပဲ ထုတ်ရောင်းကြတာ”လို့ ပြောပါတယ်။
လေးထောင့်ကန်အနီးက မြေကွက်တွေမှာ လယ်မြေတွေ များပြီး တချို့နေရာတွေမှာတော့ ပါမစ်ချပေးဖို့ လျှောက်ထားတာတွေ ရှိတယ်လို့ သိရတယ်။ ဈေးကွက်မှာ ကျပ်သိန်း ၁၀ဝ နဲ့ သိန်း ၁၀ဝ အောက်တွေလောက်သာ အရောင်းအဝယ်ဖြစ်ကြတယ်လို့ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဇော်မင်းက “အမြတ်ပါးပါးလေး ရတာနဲ့ ထုတ်ရောင်းကြတယ်၊ မြောက်ဒဂုံဘက်ကတော့ လုံးဝငြိမ်တယ်၊ ဈေးကျမယ်၊ ဈေးကျဦးမယ်ဆိုပေမယ့် စီမံကိန်းကြီးတွေအနီးက မြေကွက်တွေ ထုတ်ရောင်းကြတာမျိုး မရှိပါဘူး၊ အောက်ဈေးနဲ့ ထုတ်ရောင်းနေတာတွေက လူနေသိပ်မရှိသေးတဲ့ အတွင်းကွက်တွေ”လို့ ပြောပါတယ်။
ဒဂုံမြို့သစ်ဈေးကွက်က အရင်က တစ်ရက်တည်းကို မနက်တစ်မျိုး ညနေတစ်မျိုး ဈေးတက်ခဲ့ပေမယ့် ဈေးငြိမ်နေခဲ့တာ ၂ နှစ်ကျော် ဖြစ်နေတာပါ။ ဈေးကွက်ပြန်လှုပ်ဖို့ အမျိုးမျိုးလှုပ်ခဲ့ကြပေမယ့် အခုထိ မလှုပ်ဘဲ ငြိမ်နေတာလို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဒဂုံမြို့သစ်ရှိ ဈေးနှုန်းတွေက ၂၀၁၄ ခုနှစ် နှစ်ဝက်လောက်က စပြီး ဈေးက အေးလာတယ်။ ထက်ဝက်နီးပါး ဈေးပြန်ကျလာတာ ဖြစ်ပါတယ်။ အိမ်ရာစီမံကိန်း၊ စက်မှုဇုန်၊ တံတား စတဲ့ စီမံကိန်းတွေကြောင့် လူနေလို့မရသေးတဲ့ မြေကွက်တွေရဲ့ ဈေးက ရေ၊ မီး၊ လမ်းကအစ မပေါက်သေးပေမယ့် ဈေးက ကျပ် သိန်းရာဂဏန်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ သိန်း ၅၀ ဝန်းကျင်လောက်နဲ့ ရတဲ့အထိ ဖြစ်နေပြီလို့ သိရပါတယ်။
ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ စတဲ့ ၃ မြို့နယ်ကတော့ အကျိုးဆောင်တွေ၊ ဝယ်ရောင်းသမားတွေ၊ စီးပွားရေးသမားတွေအတွက် မျက်စိအကျဆုံးနဲ့ အရောင်းအဝယ် အဖြစ်ဆုံး၊ အမြတ်အရဆုံး နေရာဖြစ်ခဲ့ပေမယ့် အခုချိန်မှာ ပိုက်ဘောမိနေကြတဲ့သူတွေ အများဆုံးနေရာလည်း ဖြစ်နေတယ်လို့ အကျိုးဆောင်တချို့ဆီက သိရတယ်။
Credit: Kumudra News