တပ်မတော်မှ ပြန်လည်စွန့်လွှတ်လိုက်တဲ့ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး အမှုမပြီးပြတ်မီကာလအတွင်း မည်သည့်လုပ်ဆောင်မှုမျှ မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပေမဲ့ တာချီလိတ်မြို့ပေါ်ရှိ တပ်မတော်မှ စွန့်လွှတ်မြေတွေကို ပုဂ္ဂလိကမှ ၀င်ရောက်လုပ်ကိုင် ခြံခတ်မှုတွေရှိနေပါတယ်။
ကျွန်တော်တို့အရင်တုန်းက မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တပ်ကစွန့်လွှတ်ထားခြင်းရှိ/မရှိ မေးတော့ တိတိကျကျမဖြေဘူး အခုကျတော့ ဘယ်သူတွေမှန်းမသိတဲ့ လူတွေက မြေတွေကို ခြံစည်းရိုးတွေခက်၊မြေတွေညှိနဲ့ လုပ်နေတာ ဒါအခုဒီလပိုင်းအတွင်းမှာကို လုပ်နေတာ၊နိုင်ငံတော်သမ္မတရုံးက မြေယာတွေနဲ့ ပတ်သက်ပြီး မပြီးပြက်သေးရင် ဘာမှ မလုပ်ပါနဲ့လို့ ညွှန်ကြားချက်ထုပ်ထားတယ်၊ဒါတွေကို စိစစ်ကြီးကြပ်ပြီး ဆက်မလုပ်ဖို့ အုပ်ချုပ်ရေးအပိုင်းမှ လုပ်ဆောင်ပေးဖို့ အကူအညီတောင်းတာပါ လို့ မြို့နယ်လယ်ယာမြေ အစည်းအဝေးတစ်ခုမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောကြားပါတယ်။
တာချီလိတ်မြို့နယ်အတွင်း တပ်မတော်က သိမ်းဆည်းမြေအချို့ကို ပြန်လည်စွန့်လွှတ်ထားပေမဲ့ မူလတောင်သူတွေလက်ကို ပြန်လည်စိစစ်ပေးအပ်ဖို့ အမှုမပြီးပြတ်သေးဘဲ ရှိနေတာဖြစ်ကြောင်း သိရပါတယ်။
တပ်သိမ်းမြေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ စာရင်းအတိအကျ ရှိပါတယ်။ဘယ်အပိုင်းကစွန့်လွှတ်ပြီးပြီ ။ဘယ်အပိုင်းကမစွန့်လွှတ်သေးဘူးဆိုတာ ဒါမျိုးလုပ်ဆောင်နေတယ်ဆိုရင် ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ။အဓိက တပ်မတော်နဲ့ပဲ ဆိုင်တာ ဒါကို သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့နဲ့ တွေ့ဆုံမှ ရနိုင်မယ် လို့ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ်၊မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နန္ဒကပြောပါတယ်။
တာချီလိတ်မြို့နယ် ဆေခမ်းရပ်ကွက်အတွင်း အမှတ် (၃၃၁) ၊ အမှတ် (၃၅၉) ခြေမြန်တပ်ရင်းနဲ့ တာချီလိတ်အခြေ စစ်ဗျူဟာ အနီးရှိ တပ်စွန့်လွှတ်မြေတွေမှာ ပုဂ္ဂလိကမှ ၀င်ရောက်လုပ်ကိုင်နေသူတွေကို ပြောကြားတာဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်း တပ်မတော်မှ စွန့်လွှတ်မြေဧက ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
Credit : The Kumudra