ဈေးအဆမတန်မြင့်တက်နေတဲ့ ပြည်တွင်းရွှေဈေးက ဈေးပြန်ကျနိုင်ပေမဲ့ ဈေးတက်သလိုအရှိန်မပြင်းဘဲ တအိအိ ဈေးပြန်ဆင်းနိုင်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ် ။
ပြည်တွင်းရွှေဈေးက ဈေးတက်ရာကနေ ပြန်ဆင်းဖို့က အချိန်ကြာတတ်ပြီး အခုလိုဈေးမြင့်တက်လာတာက ဒေါ်လာဈေးက ကျပ် ၁၁၉၀ ဝန်းကျင်မှာပဲ ဈေးငြိမ်ခဲ့တဲ့အပြင် အတိုးနှုန်းတိုးဖို့ကလည်း သေချာမှုမရှိခဲ့တာတွေကြောင့် ရွှေဈေးက မြင့်တက်လာတာဖြစ်တယ် ။ ဈေးအဆမတန်မြင့်လာတာက ဇွန် ၁၆ ရက်နေ့ကစပြီး မြင့်ခဲ့တာဖြစ်ပါတယ် ။
ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ‘ကမ္ဘာ့ဈေးကတော့ ကိန်းဂဏန်းအရ ပြန်ဆင်းတာသိသာတယ် ၊ ပြည်တွင်းရွှေဈေးကတော့ ဆင်းပေမဲ့ ကမ္ဘာ့ဈေးနဲ့တွက်ရင် သိပ်မဆင်းဘူး ၊ ကျပ် ၈၀၀,၀၀၀ အထက်မှာပဲ ရှိနေဦးမယ် ၊ ပြန်ကျမယ်ဆို ၇၈၀,၀၀၀ လောက်နဲ့ဖြစ်နိုင်တယ်’ လို့ပြောပါတယ် ။
ကမ္ဘာ့ရွှေဈေးက ဈေးပြန်ကျပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ကျပ် ၈၀၀,၀၀၀ အထက်မှာ ရှိနေတုန်းပဲဖြစ်ပါတယ် ။ ပြည်တွင်းရွှေဈေးက ကျပ် ၇၉၀,၀၀၀ ကျော်ကနေ ကျပ် ၈၀၀,၀၀၀ ကျော်ဈေးတက်လာတာဖြစ်ပြီး ကမ္ဘာ့ရွှေဈေးက ၁၂၇၃ ဒေါ်လာကနေ ၁၃၀၀ ကျော်ဖြစ်လာတာပါ ။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးက ၁၂၉၈ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးက ကျပ် ၈၀၈,၅၀၀ ရှိပါတယ် ။ ပြည်တွင်းရွှေဈေးက အမြင့်ဆုံးကျပ် ၈၁၂,၀၀၀ အထိဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးက ၁၃၁၀ ဒေါ်လာ အထိဖြစ်ခဲ့တာဖြစ်ပါတယ် ။
Credit: The Kumudra