ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အကိုးအကားပြု သုံးနှုန်းကြဆဲ ဂန္ထ၀င်စကားတစ်ခွန်းရှိသည်။ "မိမိအိမ်ပြတင်းတံခါးကို ပိတ်ထားခြင်းသည် အမှိုက်သရိုက်နှင့် ဖုန်မှုန့်များ ၀င်မလာနိုင်စေသည့်နည်းတူ လတ်ဆတ်သောလေကောင်းလေသန့် ၀င်လာနိုင်မှုကိုလည်း ပိတ်ပင်ရာကျသည်" ဟူသောစကား ဖြစ်သည်။ ဆိုလိုသည့်သဘောက လေကောင်းလေသန့် ၀င်မလာနိုင်အောင် ပိတ်ထားသော ပြတင်းတံခါး၏ ဆိုးကျိုးကို ရည်ညွှန်းသည်။ ဖုန်မှုန့်နှင့် အမှိုက်သရိုက်တို့က လှည်းကျင်းသန့်စင်ပစ်လိုက်၍ရသည်၊ လေကောင်းလေသန့်ဝင်မလာ၍ စိတ်နှလုံးထိုင်းမှိုင်းနောက်ကျိရခြင်းက ကျန်းမာရေးအတွက် မကောင်းသောအကျိုးသက်ရောက်ကှုဖြစ်သည် ဟူသည့်သဘော။ စင်စစ် ထိုသဘောတရားက အိမ်ရာတည်ထောင် ဆောက်လုပ်နေထိုင်သော လူနေမှုနယ်ပယ်မှ သက်ရောက်လာသည့် ထင်ရှားထိမိသော သာဓကပြစကားတစ်ရပ် ဖြစ်ချေသည်။ နေထိုင်မှုနယ်ပယ်တွင် အစဉ်အမြဲမှန်ကန်နေသောတရားကို ဥပမာပြုတင်စားလိုက်ခြင်းဖြင့် လူတိုင်း၏စိတ်ထဲ ချက်ချင်းလက်ငင်း ထင်သာမြင်သာရှိသော ဥပမာ ဖြစ်သွားရသည်။
တကယ်တော့ အိမ်တစ်အိမ်၏ အဓိကအရေးအပါဆုံးလိုအပ်ချက်များထဲတွင် လေ၀င်လေထွက်ကောင်းမွန်စေခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ရှေးမြန်မာကြီးများ အိမ်ဆောက်ရာတွင် အရပ်မျက်နှာရွေးချယ်၍ အိမ်မျက်နှာပြုရာအရပ် သတ်မှတ်ခြင်းမှာ လေ၀င်လေထွက်စနစ်ကို ထည့်သွင်းတွက်ချက်ခြင်းလည်း အကျုံးဝင်သည်။ လေ၀င်လေထွက်စနစ် တွက်ချက်ခြင်းဟူသည်မှာ အထူးတလည်စီမံဖန်တီး၍ လေ၀င်လေထွက်စီမံရသည့်ကိစ္စမျိုးမဟုတ်။ သဘာဝအတိုင်းတိုက်ခတ်မြဲဖြစ်သည့် လေကြောင်းစီးဆင်းမှုအပေါ် မူတည်ကာ အိမ်ကို မျက်နှာမူရာအရပ် ရွေးချယ်သတ်မှတ်ခြင်း၊ ရာသီခွင်ကိုလိုက်၍ ဦးတည်ရာပြောင်းလဲတိုက်ခတ်တတ်သော လေစီးကြောင်းအနေအထားနှင့်လိုက်အောင် အိမ့်ပတ်ဝန်းကျင်တွင် သစ်ပင်၊ ၀ါးပင်များ စီရင်စိုက်ပျိုးခြင်း စသည်တို့ဖြင့် အိမ်အတွက် မလိုလွန်းမပိုလွန်းသော လေ၀င်လေထွက်စနစ် ဖန်တီးယူကြသည်။ ထို့ကြောင့် ရှေးမြန်မာကြီးများ၏ ရှေးအိမ်ကြီးများသည် မည်သည့်ရာသီဥတုတွင်မဆို လေ၀င်လေထွက် ပြင်းလွန်းပျော့လွန်းခြင်းမရှိဘဲ သမမျှတသော လေည်ြတိုက်ခတ်မှုမျိုးဖြင့် နေရထိုင်ရ သက်ွေသာင့်သာရှိခဲ့သည်မှာ သမိုင်းစဉ်တစ်လျှောက် အထင်အရှားပင်ဖြစ်သည်။
ထိုစဉ်တုန်းကတော့ ရာသီဥတုဖောက်ပြန်မှုဟူ၍လည်း မရှိသေး။ ရာသီစက်ဝန်း၏ လည်ပတ်မှုနရီက မှန်မှန်ကန်ကန် ရွေ့လျားနေသည့်အချိန်အခါမို့ တွက်ချက်ရသည်ကလည်း ကိန်းသေဆန်သည်။ လူနေထူထပ်သိပ်သည်းမှုအညွှန်းကိန်းကလည်း ပြောပလောက်အောင်မရှိသေးသည်မို့ ပတ်ဝန်းကျင်အနေအထားပြောင်းလဲမှုက နှစ်ကြာသည့်တိုင် ထွေထွေထူးထူးမရှိ။ သစ်ကောင်းဝါးကောင်းများကို ခေါင်းခေါက်ရွေးချယ်အသုံးပြုနိုင်သည့်ကာလ ဖြစ်သည့်အပြင် နေရာအကျယ်အ၀န်းကလည်း လိုသလိုယူ၍ တည်ဆောက်နိုင်သည်ဖြစ်ခြင်းကြောင့် အလျား၊ အနံ၊ အမြင့် စိတ်တိုင်းကျ ဆောက်လုပ်နိုင်ခြင်းကလည်း အားသာချက်တစ်ရပ်။ နွေဘက်တွင် ဦးတည်ရာမဲ့တိုက်ခတ်တတ်သော လေရူးမှအပ မိုးအချိန်တွင် တောင်လေတိုက်ခတ်ခြင်း၊ ဆောင်းအခါတွင် မြောက်လေမြူးခြင်းတို့က ပုံမှန်အတိုင်း။ သည်တော့ လေကြောင်း၏အရှိန် အိမ်သို့ ပြင်းပြင်းထန်ထန်နှင့် တိုက်ရိုက်သက်ရောက်ခြင်းမှ ကာကွယ်ရန် လေကာပင်များကြိုတင်စိုက်ပျိုးကြသည်။ သစ်ပင်နှင့်ကာသည်ဆိုခြင်းက တံတိုင်းခတ်ကာရံခြင်းနှင့်မတူ။ ဦးတည်တိုက်ခတ်ရာလေအဟုန်က သစ်ရွက်သစ်ခက်များကို ဖြတ်သန်းဝင်လာရသဖြင့် အရှိန်လျော့သွားသော်လည်း လေပြည်လောက်တော့ အိမ်ဆီရောက်လာမြဲ။ မိုးတွင်းဆို မိုးငွေ့၊ မိုးစက်များကို သစ်ခက်သစ်ရွက်တို့က စစ်ယူထားသဖြင့် မိုးမှုန်ကင်းစင်သော မိုးသက်လေသန့်သန့်ကို အိမ်တွင်းမှခံစားနိုင်သည်။ ဆောင်းတွင်းဖြစ်လျှင် လေရိုင်းထဲမှ အအေးဓာတ်တော်တော်များများကို သစ်ခက်သစ်ရွက်တို့က စစ်ယူထားသဖြင့် နှင်းငွေ့ကျံသော ဆောင်းလေမြမြကိုသာ အိမ်တွင်းနေတို့ ခံယူရသည်။ ဆိုလိုသည်မှာ သဘာဝအတိုင်းတိုက်ခတ်လာသော လေအရိုင်းကို သစ်ပင်ဝါးပင်တို့က ပြုပြင်သန့်စင်ပြီး သဘာဝရနံ့ကြွယ်ဝသည့် လေပြည်အယဉ်သာ လူတို့နေထိုင်ရာအိမ်တွင်းသို့ ရောက်ရှိခံစားနိုင်သည့် လေ၀င်လေထွက်စနစ်ကို ရှေးမြန်မာကြီးများ ဖန်တီးလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းပင်။
၂၁ ရာစု အစပိုင်းမှာတော့ တိုးတက်ပြောင်းလဲလာသည့် ခေတ်အခြေအနေအရရော၊ လူဦးရေထူထပ်သိပ်သည်းလာသည့် မြို့ပြလူနေမှုပုံစံအရပါ အထပ်မြင့်တိုက်ခန်းသစ်တွေ လက်ညှိုးထိုးမလွဲအောင် ပေါ်ပေါက်လာသည်။ အကျယ် ၁၀ ပေ၊ အရှည် ပေ ၄၀၊ အမြင့် ရှစ်ပေခန့် ရှိသော ရှည်မျောမျောတိုက်ခန်းပုံသဏ္ဌာန်များက မြို့ပြလူ့အဖွဲ့အစည်းအတွင်း မြန်ဆန်သောအရှိန်အဟုန်ဖြင့် နေရာယူလာကြသည်။ လူနေထူထပ်သော ဟောင်ကောင်ကျွန်းပေါ်မှ အထပ်မြင့်တိုက်ခန်းများကို ပမာပြုတည်ဆောက်ခြင်းဖြစ်၍ ဟောင်ကောင်တိုက်ခန်းဟူသည့် နာမပညတ်က မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ခိုင်မာစွာအမြစ်တွယ်လာသည်။ အပြောင်းအလဲတစ်ရပ် ဖြစ်လာလျှင် အသစ်အဆန်းအပေါ်စိတ်ဝင်စားမှုမြင့်တက်လာသော လူ့သဘာဝအတိုင်း ငယ်ပြီးလှသည့် ပျားအုံတိုက်ခန်းအသစ်စက်စက်များကို မြို့ပြနေသူတို့ သဘောအကျကြီးကျကြသည်။ သို့သော် တစ်မိုး၊ နှစ်မိုး၊ သုံးမိုးခန့် ကုန်အပြီးတွင်တော့ ပျားအုံတိုက်ခန်းများ၏ ဆိုးကွက်တွေကို သတိပြုမိမှု မြင့်တက်လာကြသည်။
တိုက်ခန်းများက စစချင်းအားဖြင့် အမြင်လှသော်လည်း ရေရှည်တွင်မူ လေ၀င်လေထွက်ပြဿနာက စကားပြောလာသည်။ အထူးသဖြင့် အဘယ်တိုက်ခန်းနေသူများအဖို့ ရေထဲမှငါးကို ကုန်းပေါ်တင်ထားဘိသကဲ့သို့ ပါးစပ်ဟစေ့ဟစ်ေဖြင့် အသက်ကိုမနည်းလုရှူနေရသည့်အနေအထား ရောက်လာသည်။ ဘေးအစွန်ခန်းများကတော့ မထောင်းတာ၊ အထပ်မြင့်နည်းပါးသေးသော ခေတ်ဦးပိုင်းကာလများဖြစ်သည့်အားလျော်စွာ ဘေးပြတင်းပေါက်များမှ ဟူးဟူးရားရားတိုးဝင်တိုက်ခတ်လာသည့် လေမင်းတမန်က အေးရိပ်လိုလှုံသူကို ချွေးသိပ်လိုရုံမျှသာမကသော နှစ်သက်ကျေနပ်မှုများ တဖွားဖွားဖြစ်ထွန်းစေခဲ့သည်။ မိုးတွင်းတွင် မိုးပက်မည်စိုးသဖြင့် ပြတင်းတံခါးများပိတ်ထားရသည်မှအပ နွေနှင့်ဆောင်းဘက်တွင် လေပြည်လေးတဖြူးဖြူးဖြင့် မဟာစည်းစိမ်ကို အိုးမကွာအိမ်မကွာခံစားခွင့် ရနေသည်။
အဲ . . . လူနေထူထပ်ခြင်း၏အခက်အခဲကို တစ်နိုင်တစ်ပိုင်ဖြေရှင်းပေးမည့် ဆေးမြီးတိုအဖြစ် အထပ်မြင့်ပျားအုံအိမ်ရာများ အပြိုင်းအရိုင်းအပြိုင်အဆိုင် သူ့ထက်ငါဦးတည်ဆောက်ကြပြီဆိုသောအခါကျမှ ခုန သဘာဝလေပြည်ကို ၀၀လင်လင်သုံးဆောင်ခွင့်ရသည့် ဘေးအစွန်ခန်းများ နန်းကျဘုရင်ဘ၀ ရောက်ရတော့သည်။ ဘာကြောင့်ဆို သူနှင့်ကပ်လျက်မှာ သူ့လိုပဲ အထပ်မြင့်လာဆောက်သောအခါ နဂိုရှိထားသည့်ပြတင်းပေါက် လေကွယ်သွားပြီး သူလည်း အလယ်ခန်းများနည်းတူ ကုန်းပေါ်တင်ထားခံရသောငါးကဲ့သို့ ဟစေ့ဟစေ့စာရင်း ၀င်သွားခြင်းကြောင့်။
ထိုတိုက်ခန်းကျဉ်းများအနေဖြင့် အဓိက လေ၀င်ထွက်ရာမှာ ရှေ့မျက်နှာစာ အိမ်ရှေ့ပိုင်းနှင့် နောက်ဖေးတံခါးမတို့သာဖြစ်သည်။ တောင်ဘက်၊ မြောက်ဘက် မျက်နှာလှည့်နေသော အခန်းများဆိုလျှင်တော့ သိပ်အကြောင်းမဟုတ်။ လေကြောင်းတည့်တည့်ကျနေသည်ဖြစ်၍ မွန်းကျပ်လှောင်အိုက်မှု သက်သာရာရနိုင်သေးသည်။ အရှေ့၊ အနောက် မျက်နှာလှည့် အခန်းများ ဖြစ်နေလို့ကတော့ လေက ထင်သလောက်ရမည်မဟုတ်တော့။ တောင်-မြောက်၊ မြောက်-တောင်တိုက်ခတ်သည့်လေက မိမိအခန်းရှေ့မှ အလျားလိုက်ကြီးဖြတ်သန်းသွားသည်ကို အံတကြိတ်ကြိတ်ဖြင့်ထိုင်ကြည့်နေရုံသာ။
မိသားစုနေထိုင်ကြသည့်အိမ်များဆိုတော့လည်း တစ်ပြေးတည်း၊ တစ်ပြင်တည်း အိပ်စက်နေထိုင်၍ရသည်မဟုတ်။ သက်ဆိုင်ရာဆက်နွှယ်မှုများအလိုက် သီးခြားအခန်းများဖွဲ့စည်းနေထိုင်ရမြဲ။ သည်တော့ ကျဉ်းကြုတ်ကျပ်တည်းသည့် မြို့ပြတိုက်ခန်းထဲ အခန်းဖွဲ့များဖြင့် ပိုမိုကျပ်သိပ်ကာ ပိတ်လှောင်မွန်းကျပ်မှုစံနှုန်း တိုးမြင့်လာပြန်သည်။
သည်မွန်းကျပ်မှုကိုဖြေရှင်းဖို့ကတော့ ပြင်ပအထောက်အကူပြုပစ္စည်းများ လိုအပ်သည်။ တတ်နိုင်သူတို့က လေအေးပေးစက်များတပ်ဆင်အသုံးပြုကြသည်။ အနည်းငယ်လျော့ပါးသူတို့က လေသန့်စင်စက်များ သုံးသည်။ အချို့က အရွယ်ရွယ်အစားစား ထွေပြားသော ပန်ကာများ သုံးကြသည်။ ခက်သည်က ထိုအရာအားလုံးသည် လျှပ်စစ်မီး ရရှိမှ အသက်ဝင်သည့် လူသုံးပစ္စည်းများ ဖြစ်ကြသည်။ သုံးနေရင်းတန်းလန်း လျှပ်စစ်မီးပြတ်တောက်သွားပါက ကုန်းပေါ်တင်ထားသောငါးထက်ပင် အဖြစ်ဆိုးသွားနိုင်သည်။ သည်တော့ အရန်အစီအစဉ် ထပ်ဆောင်းစီမံကြပြန်သည်။ ထိုအစီအစဉ်က သဘာဝလေကို ရနိုင်သလောက်ရအောင် ပျိုးယူခြင်း။ လုပ်နည်းကတော့ မခက်။ အိမ်ရှေ့ဝရန်တာတံခါးကို ဟင်းလင်းဖွင့်ထားလိုက်ခြင်းဖြစ်၏။ သူခိုးသူဝှက်ရန်မှ ကာဆီးရန် ၀ရန်တာပတ်လည် သံပန်းအပြည့်ကာရံရသည်တော့ ရှိသပေါ့။ မွန်းကျပ်မှု ပြေလိုပြေငြား ခံစစ်ကတုတ်မျှသာလေ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com