နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချမှုများ၊အထူးလျော့ဈေးရောင်းချမှုများပါဝင်သည့် အိမ်ခြံမြေအရောင်းပြပွဲကို iMyanmarHouse.com ကဦးစီးကာ ဇွန်လ ၁၀ ရက်မှ ၁၂ရက်အထိကျင်းပခဲ့ရာ နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ရောင်းချသည့်တိုက်ခန်းများကို လာရောက်သူများစိတ်ဝင်စားမှု များပြားခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် တိုက်ခန်းများ ကွန်ဒိုများကို ငါးရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အထူးလျော့ဈေးဖြင့် ရောင်းချသည့် ကုမ္ပဏီများပါဝင်သလို ၈ နှစ်၊၁၀ နှစ် အရစ်ကျစနစ်များဖြင့် တိုက်ခန်းများရောင်းချမှုများပါဝင်ကာ ကုမ္ပဏီပေါင်း ၅၀ ကျော်ပါဝင်ပြသခဲ့ကြောင်း iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူကပြောသည်။
ဒီပြပွဲမှာပြမယ်ဆိုရင် ကုမ္ပဏီတွေအနေနဲ့လည်း အနည်းဆုံး ၅ ရာခိုင်နှုန်းလျော့ရောင်းပေးဖို့ ညှိ့နှိုင်းခဲ့တယ် ဟု ၄င်းကပြောသည်။
တိုက်ခန်းများကို တစ်လလျှင် တစ်ရာခိုင်နှုန်းသွင်းရုံဖြင့် အရစ်ကျ ၀ယ်ယူနိုင်ရန် အရစ်ကျဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည့် iGreen ဆောက်လုပ်ရေး၏ ပြခန်းတွင် လာရောက်လေ့လာသူ၊၀ယ်ယူသူများပြားခဲ့ကြောင်းသိရသည်။
သို့သော်နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချသည်ဆိုသော်လည်း တိုက်ခန်းတန်ဖိုးမှာ ကျပ်သိန်း ၆၀၀ ခန့် အနည်းဆုံးဖြစ်သည့်အတွက် တစ်လလျှင် ကျပ် ခြောက်သိန်းခန့် ပေးသွင်းရမည်ဖြစ်ရာ အခြေခံ လူတန်းစားသာမက ၀င်ငွေအလယ်အလက်ရှိသူများအတွက်ပါ အဆင်မပြေသေးကြောင်း ပြပွဲသို့ လာရောက်လေ့လာသူတစ်ဦးက သုံးသပ်သည်။
၂၀၁၅ ခုနှစ်မေလနှင့်ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သော ပထမအကြိမ်နှင့် ဒုတိယအကြိမ် အိမ်ခြံမြေ အရောင်းပြပွဲအတွင်း တိုက်ခန်းနှင့်ကွန်ဒို စုစုပေါင်းတန်ဖိုးကျပ် ၂၅ ဘီလီယံ ကျော်ရောင်းချခဲ့ ရပြီး ရောင်းသူနှင့်ဝယ်သူ နှစ်ဦးနှစ်ဖက်စလုံးမှ အကျိုးရှိခဲ့သည့်အတွက် ယခုတတိယအကြိမ်အဖြစ် ထပ်မံကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း iMyanmarHouse.com မှ Managing Director ဖြစ်သူ ဦးနေမင်းသူကပြောသည်။
Credit : Home & Services