အီဂျစ်နိုင်ငံတွင် ဆင်းရဲသားရပ်ကွက် များရှိယိုယွင်းပျက်စီးနေသောနေအိမ်များတွင် နေထိုင်ရလျှက်ရှိသူများအတွက် လူနေအိမ်ရာသစ် များအစားထိုးတည်ဆောက်ပေးမည့် စီမံကိန်းတစ်ရပ်ကို စတင်လျက်ရှိကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံကုန်ကျဖွယ်ရှိသည်ဟုခန့်မှန်းထားသည်။
ယင်းစီမံကိန်း၏ ပထမအဆင့် ၂ ဆင့်ကို ၁၁ လအတွင်း ပြီးစီးကာလူနေအိမ်ခန်းပေါင်း ၁၂၀၀၀ ခန့် ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ထားပြီးတတိယဆင့်ကို ၂၀၁၇ ခုနှစ်အတွင်းအပြီးသတ်ကာလူနေအိမ်ခန်းပေါင်း ၂၀၀၀၀ ချထားပေးနိုင်ရန် ရည်မှန်းထားသည်။
ဒူးဝီကာကဲ့သို့ ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်များတွင် ရေစီးရေလာဟူ၍ လုံးဝမရှိသည့်အပြင် ၂၀၀၈ ခုနှစ်အတွင်းမြေပြိုမှုများကြောင့် လူပေါင်း ၁၃၀ ခန့်သေဆုံးခဲ့ရခြင်းများ ဖြစ်ပွားခဲ့သည်။
ယခုအခါ အဆိုပါရပ်ကွက်တွင် နေထိုင်သူများကိုမကြာသေးမီကဖွင့်လှစ်လိုက်သည့် အငှားအိမ်ရာတွင် နေရာချထားပေးပြီးဖြစ်သည်ဟုဆိုသည်။
အီဂျစ်နိုင်ငံတွင် ကျန်းမာရေးနှင့် ညီညွှတ်ခြင်းမရှိကာ အန္တရာယ်များပြားသည့် ဆင်းရဲသားရပ်ကွက်ပေါင်း ၃၅၁ ခုရှိပြီးအများစုမှာ မြို့ပြဒေသများတွင်ဖြစ်ပြီးယင်းရပ်ကွက်များတွင် အညစ်အကြေးစွန့်စနစ်များနှင့် သောက်သုံးရေများရရှိခြင်းမရှိချေ။
ယင်းကဲ့သို့ရပ်ကွက်များတွင် နေထိုင်ရလျက်ရှိသူပေါင်း ၈၅၀၀၀၀ ခန့်ရှိသည်ဟုခန့်မှန်းရသည်။
အီဂျစ်နိုင်ငံ၏ မြို့တော်ဖြစ်သောကိုင်ရိုသည် နေအိမ်ပြိုကျမှုများမကြာခဏဖြစ်ပွားလေ့ရှိသောနေရာဖြစ်ပြီးတန်ဖိုးနည်းလူနေအိမ်ရရှိနိုင်မှု နည်းပါးလျက်ရှိကာလူပေါင်း ၁ ဒသမ ၅ သန်းမှ ၂ သန်းကြားမှာမရဏမြို့တော်ဟုခေါ်ဆိုကြသည့် ရှေးဟောင်းဂူသချိုင်းများအတွင်းနေထိုင်ရလျက်ရှိကြသည်။
အီဂျစ်သမ္မတအက်ဘ်ဒယ်လ် ဖာတာအယ်လ်စီစီကမူလာမည့် သုံးနှစ်အတွင်းဆင်းရဲသားရပ်ကွက်များတွင် နေထိုင်သူအားလုံးကိုလူနေအိမ်ခန်းသစ်များသို့ ပြောင်းရွှေ့နေရာချထားပေးမည်ဖြစ်ကြောင်းကတိပြုထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)