လက်ရှိအနေအထားအရ ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အေးစက်နေကာ ပုံမှန်အိမ်ငှားအနေအထားဖြင့် လည်ပတ်နေရခြင်းမှာ မိဘပြည်သူများက အစိုးရသစ်လက်ထက် ဖော်ဆောင်မည့် အိမ်ရာစီမံကိန်းများကို စောင့်ကြည့်နေခြင်းကြောင့် လည်းကောင်း၊ ရောင်းမည့်သူကလည်းဈေးမလျှော့ဘဲ တင်းခံ
နေခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု တတိယအကြိမ် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲတွင် i Myanmar House.com အိမ်ခြံမြေဝက်ဘ်ဆိုဒ်မှ MD ဦးနေမင်းသူက ပြောသည်။
သို့သော် ၂ဝ၁၆ ခုနှစ် နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ FDI ၁၂ ဘီလျံခန့် ဝင်ရောက်လာမည် မျှော်မှန်းသဖြင့် ဝင်ရောက်လုပ်ကိုင်လာမည့် နိုင်ငံခြားလုပ်ငန်းရှင်များအတွက် စက်ရုံ၊ ဝန်ထမ်းအိမ်ရာ၊ တိုက်ခန်း၊ ကွန်ဒို ဆောက်လုပ်နေထိုင်ရန် FDI မှ ၃ဝ ရာခိုင်နှုန်း အလိုအလျောက် အသုံးပြုရမည်ဖြစ်သဖြင့်
အိမ်ခြံမြေဈေးကွက်အခြေအနေ ပြန်ကောင်းရန်
မျှော်မှန်ကြောင်း ၄င်းက ပြောသည်။
ရန်ကုန်မြို့တွင် မြေဈေးကြီးမြင့်မှု၊ မြေရှားပါးမှုများ၏ အကြောင်းမှာ ဒေါ်လာ၊ ကား၊ ရွှေ ရင်းနှီးဝယ်ယူမှု ပျက်သွားမှုများကြောင့် အိမ်ခြံမြေလုပ်ငန်းထဲ စုပြုံရင်းနှီးဝင်ရောက်မှုနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဈေးကောင်းပေးဝယ်၊ ဈေးကစားရောင်းဝယ်မှုများကြောင့်ဟု ပြပွဲကြီးမှူးကျင်းပသူ ဦးနေမင်းသူက ဆိုသည်။
ရန်ကုန်မြို့တွင် အခြေခံလူတန်းစားများအတွက် ဆောက်လုပ်ပေးခဲ့သည့် ရွှေလင်ဗန်းအိမ်ရာစီမံကိန်းမှာ တိုက်ခန်းတစ်ခန်း သိန်း ၃ဝဝ ပတ်ဝန်းကျင်ဖြစ်သဖြင့် အခြေခံလူတန်းစားများအတွက် အဆင်မပြေနိုင်သဖြင့်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည့်အတိုင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်း တွံတေး၊ သန်လျင်၊ မင်္ဂလာဒုံလို နေရာမျိုး တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စွာဖြင့် ရေ၊ မီး၊ ဆေးရုံ၊ ကျောင်း၊ ဈေး၊ ပန်းခြံ စသည်ဖြင့် စနစ်တကျ အကွက်ရိုက်၍ မြို့ပြအင်္ဂါရပ်များနှင့်အညီ မြို့နယ်များစွာ ဖော်ဆောင်၍ ကျပ်သိန်း ၁ဝဝ၊ ၁ဝဝ အောက် အခြေခံလူတန်းစားများအတွက် အိမ်ရာများ ဖော်ဆောင်ပါက အမှန်တကယ် အိမ်မရှိသူများကို စိစစ်ရောင်းချလျှင် အခြေခံလူတန်းစားပြည်သူများအတွက် မြေ၊ အိမ်ရာ ပြဿသာနာများ ပြေလည်နိုင်လိမ့်မည်ဟု ဦးနေမင်းသူက ယင်းနေ့က ထည့်သွင်းပြောကြားခဲ့သည်။
၂ဝ၁၆ ခုနှစ် ဇွန် ၁ဝ ရက်မှ ၁၂ ရက်ထိ ၃ ရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တပ်မတော်ခန်းမ၌ ဆင်ယင်ကျင်းပ ပြသရောင်းချသွားမည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြသပွဲကြီးတွင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၅ဝ ကျော်မှ ကျပ်သိန်း ၃ဝဝ မှ ၇ဝဝ တန် တိုက်ခန်းများ၊ ကျပ်သိန်း ၁ဝဝဝ မှ ၅ဝဝဝ တန် ကွန်ဒိုများကို ၁ နှစ်မှ ၈ နှစ်အထိ အရစ်ကျငွေချေစနစ်၊ Bank ငွေချေစနစ်များနှင့် ရောင်းချသွားမည်ဖြစ်ပြီး တက်ရောက်လာသူများအတွက် အိမ်ခြံမြေဗဟုသုတ ဟောပြောပွဲများ၊ ကံစမ်းမဲများလည်း ပါဝင်မည်ဟု သိရသည်။
Credit: ကြေးမုံသတင်းစာ