ကမ္ဘာကျော်အမေရိကန်အဆိုတော်၊ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်သည် မာ့ခ်အန်ထော်နီနှင့်အတူ ၀ယ်ယူခဲ့သော ကယ်လီဖိုးနီးယားပြည်နယ် ၊ Hidden Hillsရှိနေအိမ်ကိုကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချလိုက်ပြီးနောက်ပိုင်းလော့စ်အိန်ဂျလိမြို့၊ Bel Air estateရှိ ဆီလာဝါ့ဒ် ပိုင်ဆိုင်သည့် နေအိမ်ကြီးကိုကန်ဒေါ်လာ ၂၈ သန်းဖြင့် ၀ယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆီလာဝါ့ဒ်သည် ယခုလာမည့် ဇွန်လ ၂၄ ရက်တွင် ကမ္ဘာတစ်ဝန်း ရုံတင်ပြသမည့် Independence Day: Resurgence ဇာတ်ကားတွင် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးအမျိုးသမီးသမ္မတကြီးအဖြစ် ပါဝင်သရုပ်ဆောင် ထားသူဖြစ်သည်။
အဆိုပါဇာတ်ကား၏ အဓိကကျောရိုးမှာ ကမ္ဘာမြေကြီး ကိုတိုက်ခိုက်လာသည့် ဂြိုဟ်သားများကိုကမ္ဘာ့နိုင်ငံများစုပေါင်းကာခုခံတိုက်ခိုက်ကြပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။
ဆီလာဝါ့ဒ်ကယင်းနေအိမ်ကို ပြီးခဲ့သည့် ဆောင်းတွင်းကတည်းကပင် အရောင်းဈေးကွက်သို့ တင်ပို့ထားခြင်းဖြစ်ပြီးကန်ဒေါ်လာ ၃၉ ဒသမ ၉ သန်းဈေးခေါ်ထားခဲ့သည်။
ဂျနီဖာလိုပက်ဇ်က ၀ယ်ယူရန် ညှိနှိုင်းရာတွင် ကန်ဒေါ်လာ ၂၈ သန်းဖြင့် ဈေးတည့်သွားခြင်းဖြစ်သည်။
ဆီလာဝါ့ဒ်နှင့် ခင်ပွန်းဖြစ်သူဟောင်းဝပ်ရှားမန်းသည် ယင်းနေအိမ်ကြီးကိုလွန်ခဲ့သောဆယ်စုနှစ် တစ်ခုကျော်ကကန်ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူပြီးနောက်ပိုင်း ယင်းနေအိမ်ကြီးကို ကမ္ဘာတစ်ဝန်းမှ လက်မှုအနုပညာပစ္စည်းများဖြင့် မွမ်းမံခဲ့ရာတစ်ကမ္ဘာလုံး၏ အနုပညာလက်ရာများကိုထင်ဟပ်ထားသည့် နေအိမ်ကြီးဟုဆိုနိုင်သည်။ ခြံဝန်းအကျယ်အ၀န်းမှာ ၈ ဧက ကျယ်ဝန်းပြီး နေအိမ်မှာစတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းသည်။ ဗိသုကာပညာရှင် ဆင်မြူရယ်မာ့ဇ်က်က ၁၉၄၀ ပြည့်နှစ်တွင် ဒီဇိုင်းရေးဆွဲဆောက် လုပ်ခဲ့ခြင်း ဖြစ် သည်။
ဧည့်ဂေဟာနှစ်ခု၊ ထိုင်ခုံ ၁၀၀ ပါ outdoor ဇာတ်ရုံ၊ ထိုင်ခုံ ၃၀ ပါ အိမ်တွင်းဇာတ်ရုံ၊ ကျောက်တုံး နံရံများဖြင့် ဆောက်လုပ်ထားသည့် မီးဖိုဆောင်၊ ပန်းချီစတူဒီယိုအစရှိသည်တို့ ပါဝင်သည်။
အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၃ ခန်း နှင့် မီးလင်းဖို ၁၀ ခုလည်း ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)