၂ဝ၁၆ခုနှစ် ဘဏ္ဍာရေးနှစ်စ ပထမလဖြစ်သော ဧပြီလတွင် အမေရိကန်ဒေါ် လာ ၏ ငွေလဲလှယ်နှုန်း အတော်ကလေးကျဆင်းလာသည်။ အဘယ့်ကြောင့် မြန်မာငွေ တန်ဖိုး တက်လာသလဲဟု သိလိုသူများကမေးကြ သည်။ မီဒီယာများက ဖုန်းနှင့်ဗျူးသည်။ လူတွေလာဗျူးသည်။ ငွေလဲလှယ်နှုန်းနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်း အတက်အကျအကြောင်း ဆောင်းပါးပေါင်း ၁ဝ ပုဒ်ခန့်ရေးခဲ့ပြီး ထူးခြားတိုင်း အဗျူးခံရသော စာရေးသူဖြစ်၍ ယခုလည်း ထူးသည်နှင့် ဗျူးလာကြသည်။
ဖုန်းဖြင့် မေး၊ လူတွေ့မေးခံရာတွင် အချိန်၏ ကန့်သတ်ချက်ရှိ၍ ပြည့်ပြည့်စုံစုံ မဖြေဖြစ်၊ အမေး အဖြေသဘောမို့ မေးသည်ကိုသာ ဖြေရသည်။ အားမရလှ။ ထို့ကြောင့် အမေးခံရပြီးတိုင်း ဆောင်းပါးများ ရေးဖြစ် ခဲ့သည်။ ဆောင်းပါး တစ်ပုဒ် ၏ စာမျက်နှာ ကလည်း များများမပေးနိုင်သဖြင့် နှစ်ပုဒ် သုံးပုဒ်ဆက်ရေးပြီး ပေါင်းဖတ်ပါမှ အတန် ငယ် လိပ်ပတ်လည်သည်။
ယခုလည်း အနည်းငယ် လိပ် ပတ်လည်အောင်ရေးလို၍ စကားချီးတွေ၊ နိဒါန်းတွေ သိပ်မပျိုးလိုပြီ။ ဧပြီလဆန်းတွင် တစ်ဒေါ်လာလျှင် ငွေလဲနှုန်း ၁၂၁၂ ကျပ်ရှိ ရာက သင်္ကြန်ပိတ်ရက်မတိုင်မီ ၁၁၈၂ကျပ် ဖြစ်ခဲ့ သည်။ နှစ်သစ်ကူးပိတ်ရက်အတွင်း ကျပ် ၁၁၅ဝ အထိ ခဏကျပြီး ဧပြီ၂၇ရက် တွင် ကျပ် ၁၁၇ဝ ဖြစ်သည်။
အနည်းငယ် အစမှပြန်ကောက် ကြည့်သော် မြန်မာနိုင်ငံတွင် အမေရိကန် တစ်ဒေါ်လာ၏ ငွေလဲနှုန်းအမြင့်ဆုံးကျပ် ၁၄ဝဝ အထိ ခဏလေး တက်ခဲ့ဖူး သည်။ ၂ဝဝ၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို တစ်ကမ္ဘာလုံး အင်တာနက်မှ ကြည့်မြင်သူ တို့ တုန်လှုပ်ချောက်ချားသွားအောင် ရုပ် ပျက်ဆင်းပျက် ဖြိုခွဲနှိမ်နင်းအပြီး စက်တင် ဘာ ၂၅ရက်ကဖြစ်သည်။ ထိုစဉ်က မှောင် ခို အရောင်းအဝယ်ဈေးကို ပြောခြင်းဖြစ် သည်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလကုန် အထိ သွားရောင်းရာ တစ်ဒေါ်လာ ကျပ် ၁၃၃ဝ ရရှိသည်။
ထိုစဉ်က ထိုအခြေအနေအရ ငွေ လဲနှုန်းတစ်ဒေါ်လာတွင် ကျပ်အများ ဆုံး မြင့်တက်ခဲ့သည်။ ယခု အရပ်သားဒီမိုက ရေစီအစိုးရခေတ် တွင်ဖြစ်ပေါ်သော ဒေါ် လာငွေလဲနှုန်းကိုကြည့်ပါက သမ္မတဦးသိန်း စိန်အစိုးရတက်ခါစ ၂ဝ၁၁ ခုနှစ်ဧပြီလ တွင် တစ်ဒေါ်လာလျှင် ကျပ် ၁ဝ၅ဝခန့်ရှိ သည်။ တရားမဝင် မှောင်ခိုပေါက်ဈေးဖြစ် သည်။ တရားဝင်အစိုးရငွေလဲနှုန်းမှာ ၁၉၈၈ ခုနှစ် စစ်အစိုးရတက်ပြီးသည်မှ အရပ်သား အစိုးရကို လွှဲပြောင်းပေးသည်အထိ တစ် ဒေါ်လာ၅ ဒသမ ၈ကျပ်မှ ခြောက်ကျပ်အ တွင်း ပုံမှန်ရှိခဲ့သည်။
တရားဝင် ငွေလဲလှယ်နှုန်းက ခြောက်ကျပ်ဝန်းကျင်သာရှိခဲ့ပြီး စစ်အစိုးရ လက်ထက်တစ်လျှောက်လုံး မှောင်ခိုပြင်ပ ငွေလဲနှုန်းက တစ်ဒေါ်လာလျှင် ပျမ်းမျှ ၅၉၂ ကျပ်နှုန်းသာရှိခဲ့သည်။ ၁၉၈၉ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ၂၂နှစ်အတွင်း နှစ်အလိုက်ပေါက် ဈေးကို ပျမ်းမျှတွက်ထားခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်ဈေးကွက်စီးပွားရေးစတင်၍ ပြည်ပပို့ကုန်မှ ပုဂ္ဂလိကလုပ်ငန်း ရှင်များ ဒေါ် လာ စတင်ရရှိချိန်မှ ၂ဝ၁၁ခုနှစ် မတ်လ ကုန်အထိ တစ်ဒေါ်လာငွေလဲနှုန်းများကို ပျမ်းမျှတွက်ချက်ထားခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် တစ်ဒေါ်လာလျှင် ၆၃ကျပ်နှင့်လဲ လှယ်ခဲ့သည်။
Export Earning ခေါ် ပြည်ပ ပို့ကုန်မှရရှိသော ဝင်ငွေများဖြင့် သွင်းကုန် များ ပြည်ပမှတင်သွင်းရန် ဒေါ်လာလိုသည့် လုပ်ငန်းရှင်များကို Account Transfer ဘဏ်တွင် ငွေစာရင်းပြောင်းပေးရန် ရောင်း ချလျှင် ရရှိသည့် ပြင်ပပေါက်ဈေးဖြစ် သည်။ အချို့ သွင်းကုန်လုပ်ငန်းရှင်များက သင်္ဘောသားနှင့် နိုင်ငံခြားသံရုံးဝန်ထမ်း များထံမှ မှောင်ခိုဝယ်ယူကြသည်။ သို့ဖြင့် ဒေါ်လာလိုအပ်ချက် အဝယ်လိုက်ကာ ဈေး တက်လာခဲ့သည်။
၁၉၉၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်အ တွင်း ဒေါ်လာအတက်ကြမ်း၍ ၂၂၄ကျပ် အထိဖြစ်ခဲ့သည်။ ၂ဝဝ၁ခုနှစ် S(2) ရဟတ် ယာဉ်ပျက်ကျပြီး ထပ်မံ အတက်ကြမ်း၍ ၃၃၅ ကျပ်ဖြစ်ခဲ့သည်။ ၂ဝဝ၃ခုနှစ်ဖေဖော် ဝါရီလ ဘဏ်များ ပြဿနာဖြစ်စဉ် ထပ်မံ အတက်ကြမ်း၍ ကျပ် ၁၁ဝဝ အထိဖြစ်ခဲ့ သည်။ ထိုနှစ်တွင် ဒီပဲယင်းလုပ်ကြံမှုကြီး ကြောင့် နိုင်ငံရေး အကြီးအကျယ်မငြိမ် မသက် ဖြစ်ကာ ဒေါ်လာဈေး ကျပ် ၁၂ဝဝ ဝန်းကျင် အထိ တက်နေခဲ့သည်။ တဖြည်းဖြည်း ပြန် ကျခဲ့သော်လည်း ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် အရေး အခင်းကြောင့် သမိုင်းတွင် အမြင့်ဆုံး ကျပ်၁၃ဝဝ၊ ၁၄ဝဝ အထိ ဖြစ်ခဲ့သည်။
ငွေလဲနှုန်းသည် နိုင်ငံရေးမငြိမ် မသက်၊ မရေမရာဖြစ်မှုအပေါ် မူတည် ၍ မြန်မာငွေတန်ဖိုးကျပြီး အမေရိကန်ဒေါ်လာ ဈေးတက်လေ့ရှိ သည့်ပုံစံ ကို တွေ့နိုင်မည် ဖြစ်သည်။ ဤကောက်ချက်သည် မြန်မာ ပြည်တွင်းအခြေအနေအပေါ်သာ မူတည် ၍ သုံးသပ်ခြင်းဖြစ်သည်။ အမေရိကန်ဒေါ် လာဈေးသည် ကမ္ဘာ့ဈေးကွက်တွင် လည်း အတက်အကျရှိသည်။ ထိုကမ္ဘာ့ဈေးကွက် အခြေအနေနှင့် ပြည်တွင်း အခြေအနေ နှစ် ရပ်ပေါင်းပြီး မြန်မာပြည်ရှိ ဒေါ်လာဈေး အတက် အကျ ဖြစ် သည်။
ဤနေရာ၌ မြန်မာနိုင်ငံတွင် ဒေါ် လာဈေးနှုန်းမှာ တရားဝင်ဈေးနှုန်းနှင့် တ ရားမဝင်ဈေးနှုန်း များစွာ ကွာဟသော ကြောင့် ပြဿနာကြီးငယ်ရှိခဲ့သည်ကို ကမ္ဘာ့ ဘဏ်အုပ်စု၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့က ခဏ ခဏထောက်ပြခဲ့သည်။ အဆိုးဆုံးမှာ ပြည်ပ ပို့ကုန်မှရ ရှိသော ဒေါ်လာဝင်ငွေကို မြန်မာ အစိုးရက တရားဝင်နှုန်း ခြောက်ကျပ်ဝန်း ကျင်နှင့် ဝင်ငွေတွက်ချက်ပြသခဲ့ရာ ဘတ် ဂျက်ဝင်ငွေ (အစိုးရဘဏ္ဍာငွေ အရပိုင်း)သည် မတရားနည်းလွန်းခဲ့သည်။
ဥပမာ- ၂ဝဝ၈ ခုနှစ်က မြန်မာ အစိုးရသည် သဘာဝဓာတ်ငွေ့ အမေရိ ကန် ဒေါ်လာ ၂ဒသမ၅ဘီလီယံဖိုးရောင်း၍ ရရှိ သည်။ ဤ၂ဒသမ၅ဘီလီယံ ကို တစ်ဒေါ် လာခြောက်ကျပ်နှင့်တွက်ပါက ကျပ် ၁၅ ဘီလီယံသာ ဘတ်ဂျက်ဝင်ငွေရရှိပေမည်။ အကယ်၍ ထိုစဉ်က မှောင်ခိုဈေးတစ်ဒေါ် လာကျပ် ၁၂ဝဝ နှင့် တွက်ပါက ဒေါ်လာ ၂ဒသမ၅ဘီလီယံသည် ကျပ်ဘီလီယံ ၃ဝဝဝ ပင်ရရှိလေသည်။ တရားဝင်လဲနှုန်းနှင့် တွက် သည့်စာရင်းအရ ကျပ်၂၉၈၅ ဘီလီယံကွာ ခြားလျော့နည်းခဲ့သည်။
အကယ်၍ ထိုစဉ်က ရရှိသော သဘာဝဓာတ်ငွေ့ရောင်းရသော ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအပါအဝင် ပို့ကုန်ဝင် ငွေအားလုံး ကို ပြင်ပပေါက်ဈေးနှင့် ရောင်းချပြီး အစိုးရဘဏ္ဍာငွေထဲထည့်ခဲ့ပါလျှင် ဘတ် ဂျက်ပိုငွေ ပြနိုင်လေသည်။ ဤသို့ မြန်မာ အစိုးရမှ ရရှိငွေများ လျော့နည်းပျောက် ဆုံးခြင်း မဖြစ်အောင် IMF စသည်တို့က အစိုးရတရားဝင်ငွေလဲနှုန်းနှင့် ပြင်ပပေါက် ဈေး မတရားကွာဟချက်ကြီးကို Unification တစ်နေရာ၌ ပေါင်းစပ်ပေးသင့်ကြောင်း တဖွဖွအကြံပေး ခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၁ ခုနှစ် ဒီမိုကရေစီအစိုးရ တက်မှ Unified လုပ်ဖြစ်သည်။ IMF တို့ က တစ်ဒေါ်လာကျပ် ၅ဝဝနှင့် သတ်မှတ် ပေါင်းစပ်ရန်အဆိုပြုသည် ကို ပေါက်ကြားခဲ့ သည်။ ထိုအခါ ထိုစဉ်က ဒေါ်လာများလက် ဝယ်ရှိသော ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေါ်လာရထားသူများ မျက်လုံးပြူးကြရသည်။ လက်ထဲရှိနေသော ဒေါ်လာများ ရာခိုင် နှုန်း ၅ဝ ကျော် တန်ဖိုးလျော့သွား မည်စိုး၍ အမြန်ထုတ်ရောင်းကြသည်။ သို့ဖြင့် တစ်လ အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၁ဝဝမှ ၇၅ဝ အထိ ထိုးကျသွားသည်။
ပြင်ပပို့ကုန်လုပ်ငန်းရှင်အချို့ (အ ထူးသဖြင့် ရေထွက်လုပ်ငန်းရှင်များ)က ဒေါ် လာတန်ဖိုးကျသွားလျှင် ပို့ကုန်မှဝင်ငွေလျော့ သွားမည်။ ငါးပုစွန် များ ဈေးချပြီးဝယ်ရတော့ မည်ဖြစ်၍ ပြည်တွင်းရေထွက်ပစ္စည်းလုပ် ကိုင်သူများ အခက်ကြုံမည်ဟု တက်လာ ခါစ ခေါင်းဆောင်များကို နားသွင်းကြလေ သည်။ ဝါနုသေးသော ခေါင်းဆောင်များ လည်း ဒေါ်လာဟူသည် ပို့ကုန်၊ သွင်းကုန် နှစ်လမ်းသွားဖြစ်သည်ကို မသိသေး၍ လုပ် ငန်းရှင်များစကားကို ယုံကြည်ကာ တစ် ဒေါ်လာကျပ် ၈ဝဝ နှင့် ပေါင်းစပ်ဖြစ်လေ သည်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင် များ၏အကြံပြုချက် ကျပ်၅ဝဝ မဖြစ်တော့။ ကျပ် ၈ဝဝ ပင်နည်းသေးသည်ဆိုကာ ကျပ် ၁ဝဝဝ အထိဆွဲတင်ပေးနိုင်ရေး နည်းလမ်း ပေးသမျှလုပ်ပေးရန် ကြိုးစားရင်း ပြည်ပမှ ကားများတင်သွင်းနိုင်အောင် ကားဟောင်း အပ်သူများကို ကားပါမစ် ထုတ်ပေးသည့် စနစ် ကောက်လုပ်ဖြစ်သည်။ ကားပါမစ်ရ သူများ ဒေါ်လာ ဝယ်၍ ကားတင်သွင်းရမည် ဖြစ်ရာ ဒေါ်လာဈေး တက်ရလေတော့သည်။
တစ်ဒေါ်လာကျပ် ၈ဝဝ ဝန်းကျင် မှ စခဲ့သော ဦးသိန်းစိန်အစိုးရလက်ထက် သည် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလတွင် ၉၈၂ ကျပ် ဖြစ်လာသည်။ ကားတွေဖိသွင်း ၍ ဒေါ်လာတွေဖိလိုသည်။ ဓာတ်ဆီတွေပိုသွင်း ၍ ဒေါ်လာတွေပို၍လိုသည်။ ကားအပိုပစ္စည်း တွေ တိုးဝယ်၍ ဒေါ်လာတွေတိုးကာလိုအပ် သည်။ ဒီကြားထဲ အူရီဒူး (အော်ရီဒူးဟုအသံ မထွက် မယုံလျှင် အူရီဒူးကြော်ငြာနှင့် သီ ချင်းသံကို သတိပြုနားဆင်ကြည့်)နှင့် တယ် လီနောတို့ကို လက်ကိုင်ဖုန်းဆင်းမ်ကတ် လုပ် ခွင့်ပြုပြီး MPT က အပြိုင်ကျဲလာသောအခါ တစ်နှစ်ကျော်အတွင်း ဆင်းမ်ကတ်နှင့် ဟန်း ဆက် သန်း၂ဝကျော် ပြည်ပမှဝယ်ယူ ရန် ဒေါ်လာ အမြောက်အမြားလိုလေသည်။
သို့ဖြင့် မြန်မာနိုင်ငံတွင် ဒေါ် လာဈေးခေါင်ခိုက်အောင် တက်ရလေသည်။ ဒီကြားထဲ ၂ဝ၁၄ခုနှစ် နှစ်လယ်မှစ၍ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်း ထိုးကျသည်။ ရေနံဈေး ကျတိုင်း အမေရိကန်ဒေါ်လာ ဈေးတက် သည်။ ဒီကြားထဲ ဆီးရီးယားနှင့်အီရတ်တွင် IS ဟူသော အစွန်းရောက်ဘာသာရေး အဖွဲ့ ထသောင်းကျန်း၍ အာရပ်နိုင်ငံများစုပေါင်း နှိမ်နင်းရာတွင် အမေရိကန်နှင့်အောင်မြင် စွာ ပူးပေါင်းဖြစ်သည်။ အမေရိကန်တို့ အ ခန်းကဏ္ဍမြင့်တက်ပြီး စစ်လက်နက်ပစ္စည်း အရောင်းတွင်ကျယ်သောအခါ အမေရိကန် ဒေါ်လာဈေးတက်လေ၏။ ဤသို့သောဖြစ် စဉ်များကြောင့် ဒေါ် လာဈေးသည် မြန်မာ နိုင်ငံတွင် အတက်ကြီးတက်လေတော့သည်။
ဤကြားထဲ ၂ဝ၁၅ ခုနှစ်သည် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကြီးရှိသည်။ နိုင်ငံရေးအခြေအနေမှာ လုံးဝ ခန့်မှန်းရခက်၍ တစ်ကမ္ဘာလုံး ကစောင့်ကြည့် နေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုး တက်ရန် ရည်မှန်းထားသလောက် မတက် ဘဲဖြစ်ခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ ကော လာဟလသတင်းများကြောင့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲနီးလေ ဒေါ်လာဈေး တက် လေနှင့် အောက်တိုဘာလကုန်တွင် တစ် ဒေါ်လာ ၁၂၇၁ ကျပ်ဖြစ် လာသည်။
နိုဝင်ဘာ၈ရက်တွင် ရွေးကောက် ပွဲကြီး အောင်မြင်ချောမောစွာ ပြီးမြောက် ခဲ့သည်။ အာဏာရပါတီကြီးမျှော်မှန်းထား သကဲ့သို့ မှန်းချက်နှင့်နှမ်းထွက် တက်တက် စင်လွဲခဲ့သည်။ NLD ပါတီကို ပြည်သူတို့က တစ်ခဲနက်မဲပေး၍ အပြတ်အသတ်အောင် နိုင်ခဲ့သည်။ အာဏာလွှဲပေးပါ့မလား၊ လွှဲ ပေးမည် ဆိုတာ ယုံရမည်လားနှင့် ကမ္ဘာက တအုံနွေးနွေး ရင်တမမစောင့်ကြည့် ခဲ့သည်။ ထို့ကြောင့် ဒေါ်လာဈေးက မကျသေး။ ၁၂၉၇ ကျပ်နှင့် တက်လို့ပင် လာလိုက်သေး သည်။ ဒီဇင်ဘာလကုန်သော် ကျပ် ၁၃၁ဝ အထိ တစ်ရက် ထတက်သွားသည်။ ဘာ ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ မေးကြ၊ ပြော ကြ၊ အံ့သြကြကုန်သည်။ ဇန်နဝါရီလကုန် အထိ ဒေါ်လာဈေးက မကျသေး။ ၁၂၉၉ ကျပ် ဖြစ်ဆဲ။ စောင့်ကြည့်မျှော်မှန်းသူတို့ တွေးရခက်ကြီးပါ ဟု ထအော်ရမ လိုဖြစ် ကုန် ကြလေသည်။
စာရေးသူအနေဖြင့်မူ ယခုနှစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ဈေးကျ လာခြင်းအပေါ် တွေးရခက်ကြီးပါဟု မတွေး ထင်မိ။ ရိုးရိုးလေးတွေးကြည့်ရုံနှင့် သိနိုင် သောအချက်များရှိ၍ ဖြစ်ပါသည်။ ပထမ ဆုံး ကမ္ဘာ့ငွေလဲလှယ်ရေးဈေး ကွက် တွင် အ မေရိကန်ဒေါ်လာကျရိပ်ပြလာခြင်းနှင့် ပုံ မှန်ဖြစ်နေကျကဲ့သို့ အမေရိကန်တွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပသည့်နှစ် ဆိုလျှင် ဒေါ်လာဈေး ကျလေ့ရှိသည့် ဖြစ်စဉ်အတိုင်း ယခုလည်း ဈေးစကျခြင်းဖြစ်သည်။
ဒုတိယမှာ မြန်မာနိုင်ငံတွင် နှစ် စဉ်နှစ်တိုင်း ဒေါ်လာဈေးသည် ဧပြီလတွင် အနိမ့်ဆုံးသို့ဆင်းလေ့ရှိသည်။ အကြောင်း မှာ ဘိန်းထွက်ရှိမှုနှင့် မူးယစ်ဆေးဝါးရောင်း ရမှုမှ အမေရိကန်ဒေါ်လာ အများဆုံးဝင် ငွေ ရသောကြောင့်ဖြစ်သည်။ ဒေါ်လာအဝင် များလျှင် ဈေးကျရိုးထုံးစံ အတိုင်းဖြစ်သည်။
တတိယမှာ ၂ဝ၁၄ ခုနှစ်မှစ၍ ကမ္ဘာ့ဒေါ်လာဈေးတက်ခဲ့ရာမှ ၂ဝ၁၅ခုနှစ် တွင် မြန်မာပြည်၌ ပြည်ပကုန်သွယ်ရေးချိန် စက်မှု၌ (Balance of Trade)အရှုံးများ စွာပေါ်ခဲ့ပြီး နိုင်ငံခြားငွေပေးငွေယူလက် ကျန်ရှင်းတမ်း (Balance of Payment)ကြီးစွာရှုံးခဲ့သောကြောင့် ဒေါ်လာအထွက် များပြီး Supply ရောင်းလိုအားက Demand ဝယ်လိုအားကိုမမီ ဘဲ ဈေးတက် ခဲ့ခြင်းဖြစ် သည်။ ထို့ပြင် အစိုးရဘတ်ဂျက်ကို ပုံအော ၍ ကြီးစွာလိုငွေပြခဲ့သည် မှာ ဝန်ထမ်းလစာ တိုးပေးသည့်အတွက်လည်းပါသည်။ ၂ဝ၁၅ ခုနှစ် တွင် ရွေးကောက်ပွဲအတွက်ပါ အသုံး စရိတ် လွန်စွာ ကြီးမားခဲ့သည်။ ထို့ကြောင့် ငွေကြေးဖောင်းပွပြီး ဒေါ်လာဈေးမြင့်ကာ မြန်မာကျပ်ငွေတန်ဖိုးကျခဲ့ခြင်းဖြစ်သည်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာရွေးကောက် ပွဲတွင် အတိုက်အခံပါတီကြီးက မဲအပြတ် အသတ်နိုင်ခဲ့သည်။ ဤတွင် ငွေကြေးအလုံး အရင်းကြီးစွာကိုင်ထားသူ များဖြစ်သည့် ငွေ အချောင်ရထားသူများက ထိုငွေများဖြင့် ဒေါ်လာ ကို အောတိုက် ဝယ်လိုက်သော ကြောင့် ဒေါ်လာဈေး ခုန်တက်သည်မှာ ၂ဝ၁၅ ဒီဇင်ဘာလတွင် တစ်ဒေါ်လာကျပ် ၁၃၁ဝသို့မြင့်တက်ခဲ့သည်။ အိမ်ခြံမြေဈေး ကွက်လည်း ပျက်ခဲ့၍ ဒေါ်လာဘက် အ ပြတ်လှည့် ကာ နောက်ဆုံးပိတ် အိတ်နှင့် လွယ်ပစ်ခဲ့သည်။
စတုတ္ထ။ ထိုသို့ ဒေါ်လာဝယ်နိုင် သူများက ဖိဝယ်ခဲ့ကြပြီးနောက် ဆက်မဝယ် တော့သောအခါ ဒေါ်လာဈေး ပြန်ကျလာ သည်။ ဒေါ်လာအစား စတော့ရှယ်ယာဘက် ဦးလှည့်လာသောကြောင့် ဒေါ်လာဈေးကျ လာသည်။
အစိုးရသစ်က ငွေကြေးချွေတာ မှုကို စတင်ပြုလုပ်လာသည်။ အသုံးစရိတ် လျှော့ချရန် ဝန်ကြီးဌာနဦးရေနှင့် ဝန်ကြီး အရေအတွက် များ လျှော့ချသည့် သတင်း ကောင်းကြောင့် မြန်မာငွေကြေးတန်ဖိုးပြန် တက်လာသည်။ တစ်ဖက်တွင်လည်း ပို့ကုန် မြှင့်တင်၍ သွင်းကုန်လျှော့ ချသောကြောင့် ဒေါ်လာဝယ်လိုအား Demand လျော့ကျ ကာ တန်ဖိုးပါ ကျဆင်းခဲ့သည်။
ထို့ပြင် နှစ်စဉ်ဖြစ်နေကျ ဧပြီလ တွင် မူးယစ်ဆေးဝါးမှ ဝင်ငွေများများ ဝင် လာသောကြောင့် ဒေါ်လာ Supply ရောင်း လိုအားတက်လာပြီး တန်ဖိုး ကျခြင်းဖြစ် ပါ တော့သည်။ အကယ်၍ အစိုးရသစ်သည် ယခင်အစိုးရအ ဆက်ဆက်ကလို ခေါင်းဆောင်များ၊ ဝန်ကြီးများ ခရီးတွေဖိထွက်ကာ အသုံး စရိတ်ဖိသုံးခဲ့လျှင်မူ အသုံးစရိတ်မလျော့ ဘဲ ငွေကြေးဖောင်း ပွပြီး ဒေါ်လာဈေးပြန် တက်ပေမည်။ အစိုးရသစ်က စိုက်ပျိုးစရိတ် ထုတ်ချေးရန် ကျပ်ဘီလီယံ ၅ဝဝကိုငွေစက္ကူ ရိုက်ထုတ်ပါက ငွေကြေးဖောင်းပွကာ ဒေါ် လာဈေးတက်မည်။
အကယ်၍ အစိုးရသစ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ပီပြင်အောင် ဆောင်ရွက်နိုင်ပြီး ၂၁ ရာစုပင်လုံညီလာခံ သစ်ကြီးကျင်းပ၍ ငြိမ်းချမ်းရေးနှင့် ရင် ကြားစေ့ရေးအ
တွက် အကောင်အထည်ဖော် မှု စတင်နိုင်ခဲ့လျှင် ကောင်းသောပြယုဂ်၊ ထူးသောပုံရိပ် များကြောင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု တိုးတက် တည်ငြိမ်လာမည်။ နိုင်ငံ တကာ မှ ကူညီထောက်ပံ့မှုများနှင့် ရင်း နှီးမြှုပ်နှံမှုများ ပို၍ဝင် လာပြီး မြန်မာငွေ ကြေး ပို၍ခိုင်မာ တန်ဖိုးတက်လာခြင်းဖြင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျသွားမည် ဖြစ်လေသည်။
စိုက်စရိတ်ချေးငွေပေးရန် ကျပ် ဘီလီယံ ၅ဝဝငွေစက္ကူရိုက်ထုတ်မည် ဟူ သောဂယက်ကြောင့် ဒေါ်လာဈေးအနည်း ငယ်ခုန်တက်ခဲ့သည်မှန်၏။ သို့သော် တာ ဝန်ရှိသူတို့က ထိုငွေများကိုချက်ချင်းအလုံး အရင်းနှင့်ထုတ်ပေး မည်မဟုတ်ဘဲ တစ်ရစ် ချင်းထုတ်ချေးသွားမည်ဟု အချိန်မီတွက်၍ အသိပေးလာကြောင်းတွေ့ရသည်။ တရုတ် နိုင်ငံကြီး ပြုပြင်ပြောင်းလဲရေး အရှိန်အမြင့် ဆုံးကာလတွင် ငွေကြေးစီမံခန့်ခွဲမှုကြောင့် တစ်စုံ တစ်ရာပြဿနာ ပေါ်ပေါက်လာတိုင်း ဒုဝန်ကြီးချုပ် (နောင်ဝန်ကြီးချုပ်) ကျူရောင် ကျီးကိုယ်တိုင် မီဒီယာမှ ချက်ချင်းရှင်းပြဖြေ ရှင်းအောင်မြင်လေ့ရှိခဲ့သည်။
ယခုလည်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဗဟို ဘဏ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌစသူတို့က ကိုယ်တိုင် ထွက်ရှင်းလျှင် မလိုလားအပ်သော ကော လာဟလနှင့် တိုက်ခတ်မှုများပြေလည်မည် သာဖြစ်သည်။ ကျပ်ဘီလီယံ၅ဝဝကို ယခု ဘဏ္ဍာနှစ်အတွက် ရုတ်တရက်ထုတ်သုံး မည်ဆိုသော ဂယက်ကိုသာ ထ၍လန့်နေ ကြသည်။
ယခင်အစိုးရလက်ထက်က ဝန် ထမ်းနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကို လစာတိုးပေးရန် ရုတ်တရက်ထကြေညာ လုပ်ဆောင်စဉ်က တစ်လလျှင် ကျပ်ဘီလီ ယံ ၅ဝဝ ပိုမိုလိုအပ်ပြီး တစ်နှစ်လျှင် ကျပ် ဘီလီယံ ၁၈ဝဝကြီးများထပ်၍ လိုအပ်စွာ ဖြင့် ဘတ်ဂျက်သုံးစွဲရသည်ကို မသိကြ၍ သာဖြစ်သည်။ တစ်ဒေါ်လာလျှင် မကြုံစဖူး ဒီမိုကရေစီအစိုးရလက်ထက်၌ ၁၃ဝ၅ ကျပ် အထိ ထဖြစ်ခဲ့ခြင်းတွင် ထိုသို့ရုတ်တရက် ထပေါက်ခဲ့သော လုပ်ရပ်များကြောင့် ဖြစ် သည်။ ယခု ရုတ်တရက်ထလုပ်သည့် စိုက် စရိတ် ကျပ်ဘီလီယံ၅ဝဝသည် နိုင်ငံတော်ရှိ ကျေးလက်ဒေသမှ
တောင်သူဦးကြီး လူဦး ရေအများဆုံးတို့ကို ပံ့ပိုးထောက်ပံ့ခြင်းဖြစ် ၍ အရင်းအနှီး စိုက်ထုတ်ရကျိုးနပ်လောက် အောင် ပြည်သူတို့ကို အကျိုးပေးသည့် ကိစ္စ ဖြစ်ပါသည်။
ယခုအတိုင်းဆို တစ်ဒေါ်လာ ကျပ် ၁၅ဝဝအထိတက်တော့မှာပဲဟု အချို့ ကမှတ်ချက်ပေးနေချိန်မှာပင် ကမ္ဘာ့ရေနံ စိမ်းဈေးနှုန်းက တစ်လ အတွင်း နှစ်ဆနီးပါး ခုန်တက်သွားသည်။ ရေနံဈေးတက်ပါက အမေရိကန်ဒေါ်လာ ဈေးလျော့ကျပေဦး တော့မည်။ ဤအချက်ကြောင့် မြန်မာနိုင်ငံ တွင် ဒေါ်လာဈေး အတက်ကြမ်းမည့်အခြေ အနေမှ အားပျော့သွားနိုင်သည်။
ဤမျှဆို ဒေါ်လာငွေ၏လဲလှယ် နှုန်းဘာဖြစ်နေသလဲ၊ ဘယ်သို့ဖြစ်ဦးမည် လဲဆိုသည်ကို စိတ်ဝင်စားသူတို့ခန့်မှန်းနိုင် မည်ဟု ယူဆမိလေတော့သည်။
Credit: MOI Webportal Myanmar