ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ တွင် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တူးဖော်ရာမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးတွေ့ရှိသဖြင့် တူးဖော်ဖယ်ရှားခဲ့ရရာတွင် ခြံဝန်းပိုင်ရှင်က မြို့ အုပ်ချုပ်ရေးအဖွဲ့အား ဗုံးဖယ်ရှားစရိတ်ပြန်ပေးရန် တရားရုံး၌ လျှောက်ထားခဲ့ကြောင်း ဂျပန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါဗုံးကို အိုဆာကာမြို့ ၊ နမ်ဘာအရပ်ရှိ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေအောက် ၂ မီတာ အနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်လုပ် ဗုံးတစ်လုံးဖြစ်ကာ အလျား ၁ ဒသမ ၈ မီတာ (၅ ဒသမ ၉ ပေ) ၊ အလေးချိန် ၁၀၀၀ ကီလိုဂရမ်ရှိသည်။
ယင်းဗုံးကို ဖယ်ရှားရန်အတွက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ခေါ်ယူခဲ့ရပြီး အနီးဝန်းကျင်တွင် နေထိုင်သူပေါင်း ၂၂၀၀ ခန့်ကို ယာယီရွှေ့ပြောင်းပေးခဲ့ရသည်။
ဗုံးဖယ်ရှားရန်အတွက် ၃ နာရီ အချိန်ယူခဲ့ရပြီး အနီးရှိ နန်ကိုင်းရထားလမ်းပိတ်ထားခဲ့ရသည်။
အနီးဝန်းကျင်ရှိ လမ်းများပိတ်ထားခဲ့ရမှုနှင့်စပ်လျဉ်း၍ မြို့ အုပ်ချုပ်ရေးအဖွဲ့က လက်ကမ်းစာရွက်များ ဖြန့်ဝေရန်အတွက် ယန်းငွေ ၁၉၀၀၀၀၀ သုံးစွဲခဲ့ရပြီး ဗုံးဖယ်ရှားစရိတ် ယန်းငွေ ၅၇၆၀၀၀၀ ကို ခြံရှင်အားပေးဆောင်စေခဲ့သည်ဟု ဆိုသည်။
ယင်းဖြစ်ရပ်များမှာ ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါခြံရှင်က အဆိုပါစရိတ်ကို မြို့ အုပ်ချုပ်ရေးအဖွဲ့က ပြန်ပေးရန် လျှောက်ထားခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်မှ ဗုံးများဖယ်ရှားခြင်းနှင့် စစ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးဆိုင်ရာအကြောင်းရပ်များမှာ အစိုးရကသာ တာဝန်ယူသင့်ကြောင်း၊ ပြည်သူတစ်ဦးချင်းအပေါ် တာဝန်ပုံမချသင့်ကြောင်း ခြံဝန်းပိုင်ရှင်က ပြောကြားသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂျပန်နိုင်ငံတစ်ဝန်းရှိ တိုကျို၊ ယိုကိုဟားမား၊ အိုဆာကာနှင့် ကိုဘေးမြို့ကြီးများတွင် မပေါက်ကွဲသေးသော ဗုံးပေါင်း ထောင်ချီ၍ ကျန်ရှိနေခဲ့သည်။
လွန်ခဲ့သော ၂၀၁၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံတစ်ဝန်း ဗုံးဆန်ပေါင်း ၄၃ တန်ကျော် ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းအနက် ၄၀ ရာခိုင်နှုန်းမှာ အိုကီနာဝါတွင် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)