ခရစ္စတိုဖာပေါလ် ခရစ်စ် ဂါ့ဒ်နာ၏ ဘ၀မှာ အလွန်ကြမ်းတမ်းလှသည်။ မြေအောက် ဘူတာရုံတွင် ၂ နှစ်အရွယ်သားငယ်တစ်ဦးနှင့် အတူညပေါင်းများစွာ အိပ်စက်ခဲ့ရ၏။ မိုးလင်းလျှင် တစ်စုံတည်းသာရှိသော အင်္ကျီကို လဲကာသားငယ်ကိုနေ့ထိန်းကျောင်းသို့ပို့၏။ ထို့နောက် အခမဲ့တက်ရသော အကျိုးဆောင်သင်တန်းကို တက်ရသူဖြစ်သည်။ ယင်းသို့ဘ၀ကြမ်းလှသူ၏ နိဂုံးမည်သို့ရှိပါသနည်း။ ခရစ်စ်၏ မိခင်ဖြစ်သူမှာ ဘက်ယီဂျင်းထရက်ပလက်ဆို သူဖြစ်ပြီးဖခင်မှာ ခရစ်စ် မွေးဖွားချိန်ခန့်ကပင် ကွယ်လွန်သွား ခဲ့သည်။
ပထွေးဖြစ်သူသည် ခရစ်စ်၏ မိခင်နှင့် ခရစ်စ်တို့ ညီအကိုမောင်နှမများကိုနေ့စဉ်ရိုက်နှက် နှိပ်စက်လေ့ရှိသည်။
ပထွေးဖြစ်သူထရစ်ပလက်၏ တိုင်တန်းမှုကြောင့် မိခင်ဖြစ်သူဘက်ယီဂျင်းမှာထောင်ကျခဲ့ရပြီးခရစ်စ်တို့ ညီအကိုမောင်နှမများမှာ စောင့်ရှောက်ရေးဂေဟာတွင် သွားရောက်နေထိုင်ခဲ့ကြရသည်။
ခရစ်စ် ၈ နှစ်သားအရွယ်သို့ အရောက်တွင် မိခင် ဘက်ယီဂျင်းသည် ပထွေးဖြစ်သူနေအိမ်အတွင်းရှိနေစဉ် နေအိမ်ကိုမီးရှို့  ကာသတ်ရန်ကြံစည်မှုဖြင့် ထောင်ကျသွားပြန်ရာခရစ်စ်တို့မှာဂေဟာသို့ ရောက်ခဲ့ပြန်သည်။
မိခင်ဘက်မှ ဦးလေးဖြစ်သူဟင်နရီ၏ ဈာပနသို့ မိခင်ဖြစ်သူဘတ်ယီဂျင်းတစ်ယောက် အကျဉ်းထောင်ဝန်ထမ်းတစ်ဦး စောင့်ကြပ်ကာရောက်လာသည်ကို တွေ့ရမှသာမိခင်ဖြစ်သူထောင်ကျနေကြောင်းခရစ်စ်တို့ သိနားလည်ခဲ့ရသည်။
ဘတ်ယီဂျင်းသည် ဘ၀မည်မျှကြမ်းတမ်းစေကာမူ သားဖြစ်သူခရစ်စ်ကိုအဖိုးတန်သောလမ်းညွှန်မှုများ ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်သည်။
“သား၊ မင်းဘ၀မှာ ကိုယ့်ကိုယ်ကိုပဲအားကိုး ရမယ်” ဟုအမြဲသွန်သင်လေ့ရှိသည်။ ခရစ်စ်ကြီးပြင်း လာသောအခါ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ ရာစတော့ရှယ်ယာပွဲစား အဖြစ်လည်းလုပ်ကိုင်ခဲ့လေသည်။ ဇနီးဖြစ်သူနှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်းခရစ်စ်မှာ သားတစ်ဦးနှင့် အိမ်ရာမဲ့ဖြစ်နေခဲ့သည်။ နေအိမ်ခန်းငယ်တစ်ခု ငှားရမ်းခဲ့သော်လည်းအဆိုပါ အခန်းမှာကလေး များ နေခွင့်မပေးသဖြင့် သားငယ်နှင့်အတူ ကြုံရာနေရာများတွင် အိပ်စက်ရလေ့ရှိသည်။
ရုံးချိန်ပြီးဆုံးပြီးနောက် ရုံးအနီးဝန်းကျင်တွင် အိပ်စက်ခြင်း၊ တည်းခိုခန်းများ၊ ပန်းခြံများ၊ လေဆိပ်ခုံတန်းများ၊ မီးရထားဘူတာရုံများတွင် အိပ်စက်ရလေ့ရှိသည်။ တစ်ခါတွင်မူ ရထားဘူတာရုံရှိသန့်စင်ခန်း တစ်ခုအတွင်းတွင်ပင် သားအဖနှစ်ဦးအိပ်စက် ခဲ့ရသည်။ နောက်ပိုင်းတွင် သားငယ် ခရစ်စ်ဂျူနီယာ၏ ကျန်းမာရေးအတွက် ရတက်မအေးဖြစ်ရသောကြောင့် မစ်သဒစ်ဘုရားကျောင်းတစ်ခုအတွင်း၊ အိုးအိမ်မဲ့အမျိုးသမီးများ ကိုနေထိုင်ခွင့်ပေးသည့်နေရာ တွင် နေခွင့်ပြုရန် ဘုန်းတော်ကြီး စီစီဝီလျံ ကို လျှောက်ထားခဲ့ရာခွင့်ပြုချက်ရခဲ့သည်။
နောက်ပိုင်းတွင် အိမ်ခန်းငှားနိုင်သည့် အခြေအနေ သို့ ရောက်လာသောအခါ ဇနီးဖြစ်သူဂျက်ကီ ကို ပြန်လည်ဆက်သွယ် ခေါ်ယူခဲ့ပြီးသမီးတစ်ဦးထပ်မံထွန်းကားခဲ့သည်။ ခရစ်စ်သည် အခန်းငယ်ကလေးတစ်ခု ငှားရမ်းကာစားပွဲကလေးတစ်လုံးဖြင့် အကျိုးဆောင်လုပ်ငန်းကိုစတင်ခဲ့ပြီးမတည်ငွေမှာကန်ဒေါ်လာ ၁၀၀၀၀ သာဖြစ်သည်။ ယနေ့ကာလတွင်မူခရစ်စ်သည် Gardner Rich & Co အမည်ဖြင့် အကျိုးဆောင်ကုမ္ပဏီကို တည်ထောင်ထားပြီး ချီကာဂိုနှင့် အီလီနွိုက်စ်တို့တွင် ကုမ္ပဏီရုံးခွဲများ ဖွင့်လှစ်ကာသန်းကြွယ်သူဌေးတစ်ဦး ဖြစ်နေ
ပြီဖြစ်သည်။
၂၀၀၆ ခုနှစ်၊ မေလ ၂၃ ရက်တွင် ခရစ်စ်က သူ့ဘ၀အကြောင်းကို ကိုယ်တိုင်ရေးအတ္ထုပ္ပတိစာအုပ် တစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်အမည်မှာThe Pursuit of Happyness ဖြစ်သည်။ စာအုပ်အမည် တွင် ပါဝင်သော Happyness မှာစာလုံးပေါင်းမှားနေပြီး စာလုံးပေါင်းအမှန်မှာ Happiness ဖြစ်သည်။
အဆိုပါဖြစ်ရပ်မှန်ဘ၀ဇာတ်လမ်းကို ကိုလံဘီယာရုပ်ရှင်က ဒါရိုက်တာဂါဘရီလီမူစီနို၊ ကမ္ဘာကျော်သရုပ်ဆောင် ၀ီလ်စမစ်တို့ဖြင့် ရိုက်ကူးကာ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကမ္ဘာတစ်ဝန်း ရုံတင်ပြသခဲ့သည်။
ယင်းရုပ်ရှင်သည် အမေရိကတွင် ကန်ဒေါ်လာ ၁၆၃ သန်းဝင်ငွေရရှိခဲ့ပြီးတစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဒေါ်လာသန်း ၃၀၀ ကျော်ရရှိသည်အထိအောင်မြင်ခဲ့သည်။
ဝီလ်စမစ်သည်လည်း အဆိုပါဇာတ်ကားဖြင့် အကောင်းဆုဇာတ်ဆောင်ဆု အော်စကာဇကာတင်စာရင်း တွင် ပါဝင်ခဲ့လေသည်။ အောင်မြင်ရေးအတွက် ခရစ်စ်ပြောပြသော လျှို့ ဝှက်ချက်မှာ “ဘ၀မှာ ကိုယ်အလုပ်ချင်ဆုံး အလုပ်ကိုလုပ်ကိုင်ပါ”ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)