တချို့တိုက်ခန်းအရောင်းအဝယ်တွေမှာ ပိုင်ရှင်အယောင်ဆောင်ရောင်းချတာတွေ ၊ စာရွက်စာတမ်းအတု တွေနဲ့ ရောင်းချတာတွေ ရှိတာကြောင့် ဝယ်ယူသူတွေက မြေကွက်နဲ့ လုံးချင်းအိမ်တွေဝယ်သလို ဌာနဆိုင်ရာတွေမှာ စိစစ်ပြီးတဲ့အပြင် စာချုပ်မချုပ်ခင် ဝယ်ယူမယ့်အကြောင်းကို အသိပေးကြော်ငြာလာကြတာ တွေ့ရပါတယ်။
တိုက်ခန်းတွေမှာ ကန်ထရိုက်တိုက်တွေရှိသလို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ပိုင်တိုက်ခန်းတွေလည်း ရှိပါတယ် ။ ကန်ထရိုက်တိုက်တွေဝယ်ယူတဲ့အခါမှာ အရပ်စာချုပ်နဲ့ ချုပ်ဆိုကြတာမျိုးမဟုတ်ဘဲ အမည်ပေါက်ပြောင်းလဲပြီး တရားဝင်ဝယ်ယူကြတာတွေ ရှိလာတယ်လို့ သိရပါတယ်။
အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ‘မဝယ်ခင် တစ်ခါတည်း စစ်ထားတာကောင်းပါတယ် ၊ ဌာနဆိုင်ရာတွေမှာ စစ်တာဆိုပေမဲ့ တစ်ခါတလေ ဌာနတွေကနေပဲ ထုတ်ပေးထားတဲ့ စာရွက်တွေ သုံး ၊ လေး ခုဖြစ်နတာတွေ ဈေးကွက်ထဲမှာရှိတယ် ၊ ကိုယ်ဝယ်တာသေချာအောင် အခုလို ကြော်ငြာထားတော့ ပြသနာဖြစ်လဲ ဖြေရှင်းရလွယ်တယ်’ လို့ ပြောပါတယ် ။
စာချုပ်ချုပ်ဆိုခွင့်ပြုဖို့ လျှောက်ထားတာရှိသလို တချို့က ဝယ်ယူကြောင်းကို ကြော်ငြာတာတွေလည်း ရှိပါတယ်။ တိုက်ခန်းဝယ်ယူတာတွေက ဥပဒေသီးသန့် ပြဌာန်းထားတာမျိုး မရှိတာကြောင့် အရပ်စာချုပ်မှာ ကန်ထရိုက် နဲ့မြေရှင်လက်မှတ်ပါရင် ခိုင်မာတယ်ဆိုပြီး အရောင်းအဝယ်လုပ်နေကြတာများတယ်လို့ သိရပါတယ်။
တချို့အမှုတွေမှာ မြေရှင်လက်မှတ် ကန်ထရိုက်တာလက်မှတ် ပါနေပြီတော့ အတုလုပ်ထားတာတွေ ၊ အပျောက်စနစ်ကို ခုတုံးလုပ်ပြီး နှစ်ချုပ်နဲ့ ငှားနေတဲ့ အိမ်ငှားက ပိုင်ရှင်အယောင်ဆောင်ပြီး လိမ်ရောင်းတာတွေပါ ။
အထက်တန်းရှေ့နေ ဦးနိုင်လင်းက ‘တိုက်ခန်းပြသနာအများစုက အပျောက်စနစ်တွေကြောင့် ပြသနာမျိုးစုံကြုံနေကြရတာ ၊ ကြိုပွိုင့်လဲဒီလိုပဲ အားလုံးပဲတော့ြ့ဖစ်နေတာမဟုတ်ဘူး ၊ ဒါပေမယ့် စည်းကမ်းမဲ့ ဥပဒေနဲ့ အညီ မလုပ်ကြတာတွေကြောင့်ပါ’ လို့ ပြောပါတယ်။
သည်နောက်ပိုင်းအိမ်ခြံမြေ အရောင်းအဝယ်တွေမှာ မြေကွက် ၊ လုံးချင်း ၊ ကွန်ဒို ၊ တိုက်ခန်း ဝယ်ယူရာမှာ ရှေ့နေအကျိုးဆောင်နဲ့အပ်ပြီး ကြော်ငြာတာမျိုးလည်းရှိသလို တချို့က နိုင်ငံပိုင်သတင်းစာမှာ ကိုယ်တိုင်လိပ်စာအပြည့်အစုံနဲ့ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာကြတာတွေလည်းရှိပါတယ်။
အခုလိုကြော်ငြာတွေက ဝယ်သူတွေအတွက်ရော ပိုင်ရှင်တွေအတွက်ပါ သိရှိနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။ တချို့တွေမှာ အမွေဆိုင်တွေဖြစ်နေတာတွေကို မသိလို့ ဝယ်ယူငွေချေပြီးမှ အရှုပ်တော်ထဲ ညှပ်ကြရတာတွေလည်း ရှိတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘ဝယ်ယူသူတွေက ပိုပြီး ဥပဒေ အရ တိကျလာတယ် ၊ ကိုယ်က သေချာတယ် ၊ ခိုင်မာတယ်ပြောတောင် သူတို့က ဌာနဆိုင်ရာတွေအထိ သေချာစိစစ်တယ် ၊ ရှေ့နေတွေသုံးကြတယ် ၊ ဒါကလဲအိမ်ခြံမြေရဲ့ မျိုးစုံတဲ့ ပြသနာတွေဖြစ်ခဲ့တာကြောင့် ကောင်းကျိုးတစ်ခိုလို ဖြစ်လာတယ်’လို့ ပြောပါတယ်။
Credit: The Kumudra