ဘလိတ်ခ် စလိုအန်သည် ကောလိပ်အောက်တန်းရောက် ချိန်တွင် ကျောင်းဆက်တက်တော့မည်မဟုတ်ကြောင်း မိဘများကို အသိပေးခဲ့၏။ သူက အိမ်ခြံမြေအကျိုးဆောင် တစ်ဦးအဖြစ် လုပ်ကိုင်ရန် စိတ်အားအလွန်ထက် သန်နေခဲ့သည်။ “ကျွန်တော့်ရဲ့  မိသားစုတစ်ခုလုံးက အိမ်ခြံမြေလုပ်ငန်း ထဲမှာ။ ဒါပေမယ့် ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အိမ်ခြံမြေလောကထဲ လုံးဝမ၀င်စေချင်ဘူး”ဟု စလိုအန်က ဆိုသည်။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာတွင် စလိုအန်သည် တောင်ကယ်ရိုလိုင်းနားရှိ မာတယ်ဘိခ်ျအမည်ရှိ ကမ်းခြေမြို့ ကလေးတွင် Sloan Realty Group အမည်ဖြင့် ကုမ္ပဏီငယ်ကလေးတစ်ခု ဖွင့်ကာ အိမ်ခြံမြေပွဲစားလောကသို့ စတင်ခြေချခဲ့သည်။
ယင်းကာလက အမေရိက၏ စီးပွားရေးထိုးကျနေချိန်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အိမ်ခြံမြေဈေးကွက် အခြေအနေမလှချေ။
လေမန်းဘရားသားကဲ့သို့ ကုမ္ပဏီကြီးများပင် ဒေ၀ါလီခံသွားရချိန်လည်း ဖြစ်သည်။
“အဲဒီတုန်းက ကျွန်တော့်မှာ အိပ်မပျော်တဲ့ ရက်တွေများခဲ့ရတယ်။ ၀န်ထမ်းတွေကို ဘယ်အချိန်ထိ လစာဆက်ပေးနိုင်မလဲ။ ဘယ်လောက်တောင့်ခံနိုင် မလဲဆိုတာ တွေးပြီး ရတက်မအေးဖြစ်နေခဲ့ရတယ်”ဟု စလိုအန်က ပြန်ပြောင်းပြောကြားသည်။
“ငွေသုံးစွဲရာမှာ တစ်ဒေါ်လာချင်း၊ တစ်ပြားချင်းကအစ စစ်စစ်စီစီလုပ်ခဲ့ရတယ်။ ရုံးအတွက် လိုအပ်တဲ့ပစ္စည်းတွေကအစ ဈေးအပေါဆုံးကို ရှာရတယ်” Sloan Realty သည် လက်ရှိတွင် ၀န်ထမ်း ၁၀ ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိရာ စလိုအန်၏ မိခင်လည်း အပါအ၀င်ဖြစ်သည်။
ကုမ္ပဏီ၏ အဓိကဦးတည်ချက်ပစ်မှတ်မှာ အပန်းဖြေလုပ်ငန်းဗဟိုပြု ကမ်းခြေမြို့ ကလေး၏ လူနေအိမ်ရောင်းဝယ်မှုများဖြစ်သည်။ ယခုအချိန်တွင် စလိုအန်သည် နိုင်ငံတကာအိမ်ခြံမြေကျွမ်းကျင်ပုဂ္ဂိုလ်များအသင်း International Association of Real Estate Experts ကို တည်ထောင်ထားပြီး အဆိုပါအသင်းမှတစ်ဆင့် အိမ်ခြံမြေလုပ်ငန်းနှင့်စပ်လျဉ်းသည့် အကြံဥာဏ်များနှင့် နည်းပညာများကို မျှဝေနိုင်မည် ဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီးက စလိုအန်ကို အသက် ၃၀ အောက် အတုယူဖွယ် သန်းကြွယ်သူဌေး ၃၀ ဦးစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။
အဆိုပါစာရင်းတွင် နည်းပညာ၊ ဘဏ္ဍာရေးနှင့် ဖျော်ဖြေရေး အစရှိသည်တို့ အပါအ၀င် ကဏ္ဍ ၁၂ ခုမှ အောင်မြင်မှု ရရှိလျက် ရှိသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။ ယင်းစာရင်းတွင် ပါဝင်သည့် ပုဂ္ဂိုလ်များသည် နှစ်စဉ်ဝင်ငွေ ဂဏန်း ၇ လုံး ၀န်းကျင်ရှိသူများဖြစ်ပြီး စလိုအန်သည်လည်း အသက် ၂၇ နှစ်အရွယ်တွင် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်းဂဏန်းရှိ သူတစ်ဦး ဖြစ်သည်။ စလိုအန်သည် နေ့စဉ် နံနက် ၅ နာရီတွင် အိပ်ယာထလေ့ရှိ၏။ အိပ်ယာမှ နိုးလျှင် သူ၏ လုပ်ငန်းနှင့် သက်ဆိုင်သော အိမ်ခြံမြေစာစောင်များအမြဲဖတ်ရှုလေ့ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)