Sex And The Cityဇာတ်လမ်းတွဲတွင် အဓိကဇာတ်ဆောင် ကာရီဘရက်ရှောကဤသို့ဆို၏။
“အတိတ်ဆိုတာ လူတွေကိုနောက် ကို ပြန်ပြန်ဆွဲ ချနေတဲ့ ကျောက်ဆူးနဲ့ တူတယ်” ဟုဆိုသည်။
အသက် ၂၁ နှစ်အရွယ် အိမ်ရာမဲ့ မိန်းကလေးတစ်ဦးဖြစ်သူ ဒါနီဂျွန်ဆင်၏ ဘ၀ခရီးကို ကြည့်မည်ဆိုပါ ကလည်းအလားတူ ကောက်ချက်ချရမည်ကဲ့သို့ ဖြစ်သည်။
ဒါနီသည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီ တွင် ကော့တေးလ်ဘားမှ စားပွဲထိုးမိန်းကလေး တစ်ဦး ဖြစ်ပြီးလက်ထဲတွင် ငွေဟူ၍ မည်မည်ရရ ၂ ဒေါ်လာနှင့် ၃ ဆင့်သာရှိသည်။ အိမ်မဲ့ရာမဲ့တစ်ဦး ဖြစ်ကာသူမပိုင် ကားထဲတွင်သာ အိပ်စက်ရသည်။
ကလေးဘ၀ကပင် ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းများ ကြုံတွေ့ခဲ့ရကာလောကဓံ၏ ကြမ်းတမ်းသော ရိုက်ချက်များကို အပြင်းအထန်ခံစားခဲ့ရသူ ဖြစ်သည်။ ယင်းနောက်ပိုင်းမိမိကိုယ်ကို သေကြောင်းကြံ၏။
ယင်းသို့ သေကြောင်းကြံခဲ့ခြင်းက သူမ၏ဘ၀ကို အပြီးတိုင်ပြောင်းလဲစေခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့တွင် ဒါနီသည် ကုမ္ပဏီ ၅ ခုပိုင်ဆိုင်ထားပြီး ကမ္ဘာတစ်ဝန်းသို့ လုပ်ငန်းကိစ္စဖြင့် လှည့်လည်သွားလာနေ ကာပရဟိတအတွက် လှူဒါန်းမှုများများ စွာပြုလုပ်လျက်ရှိသူ ဖြစ်နေပြီ ဖြစ်သည်။
ဒါနီ၏ လမ်းဘေးဘ၀မှ သန်းကြွယ်သူဌေးဖြစ်လာပုံကိုသူ၏ စကားတစ်ခွန်းတည်းဖြင့် အဖြေထုတ်နိုင်၏။
“အမေကဘာတွေ လုပ်ခဲ့တယ်ဆိုတာ ပြဿနာမဟုတ်ဘူး။ အဖေကဘယ်လိုဆိုတာကလည်း ပြဿနာမဟုတ်ဘူး။ ကိုယ့်ဘ၀အတွက် ကိုယ်ကိုယ်တိုင်က လွဲပြီးဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ကိုယ့်အနာဂတ်ကိုပုံဖော်ဖို့အတွက် ကိုယ်ကိုယ်တိုင်အားထုတ်ရမှာ ဖြစ်ပါတယ်” ဟုဒါနီကဆိုသည်။
ဒါနီ၏ ဘ၀ကား အများထင်သည်ထက် ကြမ်းတမ်းလှသည်။ “ကျွန်မယောက်ျားလေး ၈ ယောက်နဲ့ အိပ်ခဲ့ရတယ်။ သူတို့နဲ့ ချိန်းတွေ့မှ ကျွန်မစားရသောက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ဘ၀ဟာ အဖေ၊ အမေတွေနဲ့ နေခဲ့တုန်းကထက် ကိုအခြေအနေဆိုးနေတယ်။ အဖေနဲ့အမေကမူးယစ်ဆေးစွဲနေတဲ့သူတွေ။ ကျွန်မရဲ့ ကလေးဘ၀မှာ နေ့တိုင်းအရိုက်ခံရတာတွေ၊ အဓမ္မကျင့်ခံရတာတွေနဲ့ ပြန်တွေးလိုက်ရင် ခြောက်ခြားစရာ အိပ်မက်တစ်ခုလိုပါပဲ”ဟုဒါနီက မျက်ရည်များဖြင့် ပြန် လည်ပြောပြသည်။ “ခရစ္စမတ်တစ်ရက်မှာ ကျွန်မကမ်းခြေဘက်မှာလျှောက်သွားရင် ကိုကင်းကို သုံးမိတယ်။ ပြီးတော့ သဲပြင်ပေါ်မှာအိပ်ပျော်သွား တာ နောက်နေ့မနက် ၁၀နာရီ လောက်မှ နိုးလာ တယ်။ နိုးလာပြီးနောက်ပိုင်း တွေ့တဲ့သူတိုင်းကိုကိုကင်း ဘယ်မှာရနိုင်မလဲလို့ လိုက်မေးနေမိတယ်။ အဲဒီနေ့မှာ ကျွန်မဟာကိုကင်း ရဖို့အတွက် ခန္ဓာကိုယ် ကိုပေးလိုက်ရတယ်။ ကိုကင်းအတွက် ပြည့်တန် ဆာဖြစ် သွားရတယ်။
ကျွန်မကိုယ်ကျွန်မလည်းအရမ်းမုန်းမိတယ်။ အနာဂတ်ဟာလည်းဘယ်လိုမှ ကောင်းမလာနိုင်တော့ဘူးလို့ တွေးမိတယ်။ ကျွန်မဘ၀ကြီးဟာ အသက်ရှင်ဖို့ မကောင်းတော့ဘူး။ ဘ၀ကို ကောင်းမွန်လာစေဖို့အတွက် အခွင့်အလမ်းလည်းမရှိတော့ဘူး။ ကျွန်မကိုမွေးလိုက်တဲ့ မိဘတွေကိုလည်းမုန်းမိတယ်။ ပြီးတော့ ကျွန်မကိုယ်ကျွန်မမုန်းတယ်” ဟုဒါနီကယင်းကာလ က ဖြစ်ပေါ်ခဲ့သောစိတ်ခံစားမှုအခြေအနေများကို ပြန် လည်ပြောပြသည်။
ထို့နောက် ဒါနီသည် မိမိကိုယ်ကိုသတ်သေရန်အတွက် ပင်လယ်ဘက်ဆီသို့ ထွက်သွားခဲ့သည်။ ပင်လယ်ကမ်းစပ် သို့ အရောက်တွင် စကားသံတစ်ခုကို ထူးဆန်းစွာကြား လိုက်ရသည်ဟုဆိုသည်။ “မင်းရဲ့ ဖျာကိုလိပ်ပြီး ပြန်လာခဲ့” ဟူ၍ ကြားလိုက်ရသည်။ သို့နှင့် ဒါနီလည်းကမ်းခြေသုံးဖျာကို လိပ်ကာသူ၏ ကားရပ်ထားသည့်နေရာ သို့ ပြန်လာခဲ့ပြီးနောက် စတည်းချသည့်နေရာ သို့ ပြန်ရောက်ရန် ကားမောင်းကာ ပြန်လာခဲ့သည်။
ဒါနီ၏ စိတ်အတွင်းတွင် အတွေးနှစ်ခုလွန် ဆွဲနေသည်။ အတွေးတစ်ခုက “ဒါဟာ ဘ၀ရဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ မူးယစ်ဆေးဝါးတွေနဲ့ နစ်မွန်းမနေသင့်ဘူး။ ဘ၀မှာ လုပ်စရာတွေ အများကြီးရှိတယ်” ဟု ဖြစ်ပေါ်နေပြီး အခြားစိတ်တစ်ခုကမူ “နင်ဟာအရှုံးသမားပဲ။ ဘ၀မှာ နင်လုံးဝရှုံးနေပြီ။ နင်ဟာတကယ်ဆန်ကုန်မြေလေးပဲ။ နင့်ကားကိုမောင်းပြီး ပင်လယ်ထဲကိုထိုးချ လိုက်တော့”ဟုတိုက်တွန်းနေ၏။ နောက်ဆုံးတွင်မူပထမ အတွေးကသာအောင်နိုင်သွား သည်ဟုဆိုသည်။
ထို့နောက် ဒါနီကကိုယ့်ကိုယ်ကိုမေး၏။
“ငါဘာလုပ်နိုင်လဲ။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ဘာလုပ်ဖို့လိုလဲ။ အရက်ဘားကစားပွဲထိုး တစ်ယောက်အနေနဲ့တော့ ဒီအခြေအနေက ရုန်းထွက်ဖို့ မလွယ်လှဘူး။ ဒီတော့ နည်းလမ်းတွေစဉ်းစားရမယ်” ဟာဝိုင်အီတွင် တိုက်ခန်းနှင့်နေနိုင်ရန်အတွက် ဒေါ်လာ ၄၅၀၀ ခန့်လို၏။ ကယ်လီဖိုးနီးယားသို့ ထွက်ရန်အတွက်လည်း လေယာဉ်စရိတ်မတတ်နိုင်။ ထိုညတွင် အဖြေရှာမရ ဘဲအိပ်ပျော်သွားသည်။
နောက်တစ်နေ့မိုးလင်းသောအခါ ကားနောက်ခန်းကို ကြည့်မိသည်။ ကားနောက်ခန်းတွင် အိမ်ရာမဲ့မဖြစ်စဉ်က ၀ယ်ယူထားခဲ့သော ကိုယ်အလေးချိန်ချစက်ကိုတွေ့၏။ ထိုစက်ကဒါနီ့ကို “ငါကနင့်အခက်အခဲ တွေ ကိုဖြေရှင်းပေးမယ့်သူပဲ” ဟုပြောနေသယောင် ကြားယောင်မိသည်။ သေတ္တာဘူး၏ဘေးတွင် ထုတ်လုပ်သူ၏ လိပ်စာရှာဖွေကာ ဖုန်းဆက်သွယ်သည့်နေရာမှ ဖုန်းဆက်မေးတော့သည်။ “ဒီလိုစက်တွေ ဟာဝိုင်အီမှာ ရောင်းချင်တယ်။ ကျွန်မမှာလိုင်စင်လဲမရှိဘူး။ ရင်းနှီးမြှုပ်နှံဖို့ ငွေလည်းမရှိဘူး”ဟုဆက်သွယ်ပြောကြား၏။
ထို့နောက် ဒါနီကလက်ရေးလက်ကမ်း စာရွက်များရေး ကာကိုယ်အလေးချိန်ချစက် မှာယူလိုက ဆက်သွယ်နိုင်ကြောင်း ရေးသားတော့သည်။ သို့ရာတွင် သူ့မှာဖုန်းနံပါတ်မရှိ။
သို့ဖြင့် Yellow Pagesတွင် တယ်လီဖုန်း ကုမ္ပဏီငယ် တစ်ခုကိုဆက်သွယ်ရာတစ်ဖက်မှ ပြန်လည်ဖြေကြားသူ မှာ ယောက်ျားတစ်ဦး ဖြစ်သည်။ ဒါနီကဖုန်းအချိန်ကြာကြာ ပြောရင်းတစ်ဖက်မှ ယောကျာ်းလေးဖြင့် အချစ်ရေးတည်ဆောက်နိုင်ရန်ကြိုးစားသည်။ ထို့နောက် voice mail ၀န်ဆောင်ခ မည်မျှပေးရကြောင်းမေးမြန်း၏။
ဤသို့ဖြင့် သူ့တွင် ဖုန်းနံပါတ်တစ်ခုရရှိသွားပြီ ဖြစ်သည်။
ထို့နောက် ဒါနီကသူ၏ လက်ကမ်းကြော်ငြာကို မြို့ ခံအားလုံးလာလေ့ရှိသည့် စာတိုက်ရှေ့ တွင် ကပ်လိုက်တော့သည်။ နောက်သုံးနာရီအကြာ တွင် ဒါနီ့ထံသို့ ဖုန်းအသံမက်ဆေ့ ၂၅ ခုရောက်ရှိနေသည် ကိုအံ့အားသင့်ဖွယ် တွေ့ရသည်။ တစ်လအတွင်းတွင် ဒါနီသည် ချက်လက်မှတ် အစောင် ၄၀ လက်ခံရရှိခဲ့ပြီးငွေပမာဏမှာဒေါ်လာ ၄၀၀၀ ကျော် ဖြစ်သည်။
ဒါနီကကိုယ်အလေးချိန်ချသည့်စက်များပို့ပေးရန် ဆက်သွယ်ရာကုမ္ပဏီကလိပ်စာတောင်း၏။
ဒါနီ့တွင် လိပ်စာမရှိ။
သို့နှင့် အရက်ဆိုင်တစ်ဆိုင်ကို ၎င်းတို့၏ လိပ်စာအသုံးပြုခွင့်ပေးရန် အကူအညီတောင်း၏။
ဒါနီသည် အဆိုပါနှစ် အတွင်းတွင်ပင် ကိုယ်အလေးချိန်ချသည့်စက်များရောင်းချခြင်းဖြင့် ဒေါ်လာ ၃ သိန်းကျော် ရရှိခဲ့သည်။ ဒုတိယနှစ် အတွင်းတွင် ကားအမေရိကန်နိုင်ငံတစ်ဝန်းတွင် ကိုယ်အလေးချိန်ချသည့် ဌာနပေါင်း ၁၈ ခုဖွင့်လှစ်နိုင်ခဲ့ပြီးသန်းကြွယ် သူဌေးတစ်ဦး ဖြစ်လာခဲ့တော့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)