အိမ် ခြံ မြေ လောကတွင် ရန်ကုန်ကဲ့ သို့ မြို့ကြီးများ၏ ဧရိယာပြင်ပ တွင် ဈေးကွက်ရှာဖွေ ငွေကြေးမြုပ်နှံရင်းနှီးရန် အလို့ငှာ မြေဝယ်ယူခြင်းကိုဝက်သားပေါက်မွေးမြူ ရေးလုပ်သည်ဟု ဆိုစမှတ်ရှိကြသည်။ရန်ကုန်ကဲ့သို့ မြို့ကြီးများအတွင်း၌ မြေဝယ်ယူရင်းနှီးမြုပ်နှံ ထားခြင်းကို ဝက်ကြီးမွေးသည်ဟု ပြောစမှတ်ပြုကြသည်။
ဆိုလိုသည်မှာ ဝက်ကြီးဟူသည် အစာမည်မျှ ကျွေးကျွေး ထပ်မံ၍အကောင်ကြီးထွားရန် အခွင့်အလမ်းနည်းပါးသော အကောင်မျိုးဖြစ်သည်။ဝက်သားပေါက်မွေးမြူသည်ဆိုသည်မှာမူ အစာရေစာ ဝလင်မှု၊ ရောဂါဘယ ကင်းရှင်းမှု၊အကောင်ကြီးထွားမှု အစရှိသည်တို့ ဖြစ်လာနိုင်ချေရှိသောကြောင့် အရင်းအနှီးငယ်သော်လည်း အမြတ်အစွန်းများနိုင်ပေသည်။လက်ရှိ မြို့တွင်း မြို့ပြင်ကဏ္ဍများ၌ အရောင်းအဝယ် အေးခဲလာချိန်တွင် ငွေရှင်အများစုအနေဖြင့် ဝက်သားပေါက်လေးများမွေးမြူရန် စိတ်အားထက်သန်လာကြသည်။ယခု ဆောင်းပါးတွင် ဝက်သားပေါက်မွေးခြင်း၏ ကောင်းကျိုး ဆိုးပြစ်များကို သုံးသပ်တင်ပြသွားမည်ဖြစ်သည်။
"" ဝက်သားပေါက်တွေမွေးဖို့ ဘာကြောင့်လိုသလဲ""
""ဆရာတို့သိရသလောက်တော့ ရန်ကုန်မြို့ပြင်မှာ ရင်းနှီးမြုပ်နှံခြင်းစကားဝှက်ကို (အိမ် ခြံ မြေ)အသိုင်အဝိုင်းမှာ ဝက်သားပေါက်မွေးကြရအောင် လို့ ပြောလေ့ရှိကြတယ်။မြို့တွင်း မြေတွေကို ဝက်ကြီးတွေလို့ပြောကြတယ်။ဘာကြောင့်လဲဆိုရင် မြို့တွင်းမြေဈေးနှုန်းက အမြင့်ဈေးမှာရှိနေတာမို့ ဝက်ကြီးလို့တင်စားပြီး အစာဘယ်လောက်ပဲကျွေးကျွေး အများကြီးကြီးထွားဖို့ အခွင့်အရေးမရှိတော့တဲ့သဘောပေါ့။ဆိုလိုချင်တာက အမြတ်ငွေများများရနိုင်ချေ အခွင့်အလမ်း နည်းပါးသွားတဲ့သဘောပေါ့။
အဲဒါကြောင့် အိမ် ခြံမြေ ရင်းနှီးမြုပ်နှံမှုမှာ အမြတ်အစွန်းများများလိုချင်သူတွေက ဝက်သားပေါက်လေးတွေကို မွေးဖို့လိုလာတယ်။ရန်ကုန်မြို့တွင်းနဲ့ နီးတဲ့နေရာဒေသတွေမှာ ရင်းနှီးမြုပ်နှံမှုလုပ်မယ်ဆိုရင် မြတိနိုင်ဖို့အခွင့်အလမိးကနည်းသွားတယ်။ဒါပေမယ့် ရန်ကုန်ပြင်ပမှာတော့ ရင်းနှီးနိုင်တဲ့ အခွင့်အလမ်းတွေ ကျန်နေသေးတယ်။ဒါတွေဟာ အမြတ်အစွန်းတွေမျှော်လင့်ပြီးရင်းနှီးမြုပ်နှံလိုတဲ့ လူတွေအတွက် ဝက်သားပေါက်တွေမွေးဖို့လိုတဲ့အချိန်ရောက်လာပြီ။ဆိုရရင် ဈေးကွက်အနေအထားက အရောင်းအဝယ်ပါးနေတဲ့ ကာလဖြစ်တာကြောင့် အရင်လိုကြိုက်တာဝယ် မြတ်မှာဘဲဆိုပြီး မရတော့ဘူး။ဒါဟာ ရန်ကုန်ပြင်ပဧရိယာမှာ ဝယ်ယူရင်းနှီးမြုပ်နှံသင့်တဲ့ တစ်နည်းပြောရရင် ဝက်သားပေါက်မွေးဖို့ မဖြစ်မနေလိုလာတဲ့ အကြောင်းလို့ ကျွန်တော်ထင်တယ်""ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးမှ ဆိုသည်။
""ဘယ်နေရာတွေရွေးလို့ ဝက်သားပေါက်တွေ မွေးမလဲ""
မည်သည့်နေရာများတွင် ဝက်သားပေါက်ရင်းနှီးမြုပ်နှံမှုများအား ပြုလုပ်သင့်သနည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာကောင်းလှသည်။ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်မှ ပဲခူး၊ချောင်းသာကမ်းခြေ၊ငပလီကမ်းခြေ၊ငွေဆောင်ကမ်းခြေ၊ပုဂံဒေသ အစရှိသည့်နေရာများ၌ ရင်းနှီးမြုပ်နှံရန်အကြံပြုသည်။
""ဥပမာ- ဟံသာဝတီ လေဆိပ် နားကမြေတွေပေါ့ ရင်းနှီးမြုပ်နှံသင့်တယ်။ဘာကြောင့်လဲဆိုတာပြောရရင် ပြောင်းလဲလာတဲ့ပြည်သူ့အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်လာနိုင်တယ်။နိုင်ငံခြားခရီးသည်အများကြီး လာမဲ့အခါ ရန်ကုန်လေဆိပ်ကသေးလွန်းနေတယ်ဆိုတာ သတိထားမိကြမှာပါ။နိုင်ငံတကာ လေယာဉ်ကြီးတွေ ပြေးမယ်ဆိုရင်လည်း ပြေးလမ်းက နည်းတယ်၊သေးတယ် ဆိုတဲ့အတွက်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးတစ်ခု မဖြစိမနေဖော်ဆောင်ရမှာပါ။ပဲခူး ဟံသာဝတီလေဆိပ် စီမံကိန်းမြေဧရိယာ သတ်မှတ်ချက်က ဧကပေါင်း ၉၆၀၀ ကျယ်ဝန်းတယ်လို့ဆိုတယ်။ပြောရရင် မဖြစ်မနေ အကျိုးရှိနိုင်တဲ့ စီမံကိန်းပဲလေ။အဲဒီနေရာတွေက လယ်မြေတွေကလည်း တစ် ဧကကို နေရာပေါ်မူတည်ပြီး ၁၀ သိန်းကနေ သိန်း ၁၀၀ ဝန်းကျင်၊ ဥယျာဉ်ခြံမြေမှာဆိုရင် နေရာပေါ်မူတည်ပြီး သိန်း ၂၀၀ ကနေ သိန်းတစ်ထောင်ကျော်ရှိတယ်။
စက်မှုဇုန်မြေနဲ့ ဟိုတယ်မြေအမျိုးအစား တစ် ဧကကို သိန်း သုံးထောင်နဲ့ သိန်း ခြောက်ထောင် ဝန်းကျင်မှာရှိတယ်။ရန်ကုန်မှာ သိန်းတစ်ထောင်ဆိုရင် ပေ လေးဆယ် ×ခြောက်ဆယ် တစ်ကွက်လောက်ကို မြို့ရဲ့အစွန်အဖျားလောက်မှာဘဲရမှာလေ။ဒီတော့ ရင်းနှီးမြုပ်နှံမယ့်သူတွေအတွက် စဉ်းစားသင့်တာပေါ့""ဟု အထက်ပါ ပုဂ္ဂိုလ်မှ ပြောပြသည်။
ထို့ပြင် ဟိုတယ် လိုအပ်ချက်များစွာရှိနေသေးသည့် အတွက် ခရီးသွားဧည့်သည်အလာများသည့် နေရာများတွင်လည်း သွားရောက်ရင်းနှီးမြုပ်နှံသင့်လှပေသည်။ချောင်းသာ ကဲ့သို့နေရာများတွင် ဟိုတယ်မြေနေရာများမှာ တစ် ဧကလျှင် သိန်း ၅၀၀မှသိန်းတစ်ထောင်ကြားတွင်ရှိသည်။ကမ်းခြေနှင့် ဆက်စပ်နေကာ ဟိုတယ်ချက်ခြင်းတည်ဆောက်နိုင်သော မြေနေရာများမှာမူ သိန်း ရှစ်ထောင်မှ သိန်း သုံးသောင်း အထိရှိပေသည်။ ငွေဆောင်ဒေသသည်လည်း ဈေးနှုန်းအရ ချောင်းသာကမ်းခြေနှင့် ကွာခြားမှုများစွာမရှိပေ။ထို့ပြင် အခြားအကြံပြုထားသည့် ပုဂံဒေသသည်လည်း နေရာကောင်း ဟိုတယ်မြေများမှာ သိန်းတစ်သောင်းမှ သိန်း ခြောက်သောင်းကျော်အထိရှိလေသည်။
"ဝက်သားပေါက်မွေးရာမှာ ဘာတွေကိုရှောင်မလဲ""
ပိုင်ဆိုင်မှု အထောက်အထားနှင့်မြေပိုင်ဆိုင်မှု အရ မြေဧက ကျယ်ကျယ်ဝနိးဝန်း ရရှိနိုင်သော်လည်းသတိထားရမည့်အချက်မှာ အရပ်စာချုပ်ပင်ဖြစ်သည်။ယင်းကဲ့သို့ အရပ်စာချုပ်သာ ပိုင်ဆိုင်ထားသူထံမှ တစ်ဆင့် ဝယ်ယူ ရင်းနှီးမြုပ်နှံပါက ဝယ်သူမှာသာ နစ်နာမှု ကြုံတွေ့နိုင်ချေများပေသည်။ထို့ပြင် လယ်ယာမြေသည်လည်း ဝယ်ယူမြုပ်နှံရင်းနှီးရန်ရှောင်ရှားသင့်သည့် မြေအမျိုးအစားပင်ဖြစ်သည်။အမှန်တကယ် ဝယ်ယူရင်းနှီးမြုပ်နှံသင့်သောမြေမှာ စက်ရုံ၊ ဟိုတယ် လုပ်ကိုင်ခွင့်ကျရန် (၃၇)ကျထားသောမြေနေရာများကိုသာရွေးချယ်၍ ဝက်သားပေါက်မွေးမြူခြင်းက အန္တရယ်အကင်းဆုံးပင်ဖြစ်နိုင်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။
မင်းဝသာန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com