ထိုင်းအိမ်ခြံမြေကဏ္ဍတွင် ဘဏ်ချေးငွေနှင့် စပ်လျဉ်းသော အရေးမှာ အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ် ဖြစ်လာ လျက်ရှိကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Financial Times တွင် ဖော်ပြချက်တစ်ရပ်အရ ထိုင်းနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍတွင် အိမ်ခြံမြေလောကမှ ချေးငွေပြန်မဆပ်နိုင်သူများ မြင့်တက်လာလျက်ရှိပြီး ၇၀ ရာခိုင်နှုန်းအထိပင် ရှိနေသည်ဟုဆိုသည်။
အဆိုပါအကြောင်းရပ်များသည် ရေတိုကာလအတွင်းဖြေရှင်းနိုင်ဖွယ်ရှိမည်မဟုတ်သည့် အကြောင်းရပ် များဖြစ်ပြီးရေရှည်ရင်ဆိုင်ရမည်ဆိုပါကလည်းတိုင်းပြည်၏ စီးပွားရေးနာလံထူဖွယ်ရာမရှိကြောင်းစီးပွားရေးပညာရှင်တို့ကသုံးသပ်သည်။
ဘန်ကောက်နှင့် အခြားမြို့ ကြီးများသို့ မြန်နှုန်းမြင့်ရထားလမ်း များဖောက်လုပ်ရန်စီစဉ်လျက်ရှိခြင်း၊ အစိုးရဘဏ္ဍာငွေဖြင့် အခြေခံအဆောက်အအုံများစွာဆောက်လုပ်လျက်ရှိနေခြင်းတို့ကြောင့် ဘန်ကောက်ပြင်ပတွင် အခြေချမှုများ မြင့်တက်လာလျက်လည်းရှိနေရာအထူးသဖြင့် ထိုင်းနိုင်ငံအရှေ့ မြောက်ဘက်တွင် ဖြစ်သည်။
ဘန်ကောက်ပြင်ပအခြားဒေသများရှိအိမ်ရာစီမံကိန်းများသည်ပုံမှန်ပေါက်ဈေးထက် ဈေးနှုန်းများစွာလျှော့ကာရောင်းချပေးလျက်ရှိသော်လည်း ၀ယ်လက်များကို စွဲဆောင်နိုင်မှု နည်းပါးလျက်ရှိသည်။
ထို့ကြောင့် ဘဏ်များကလည်း ဘန်ကောက်ပြင်ပရှိ အိမ်ခြံမြေလုပ်ငန်းများကို အရောင်းထိုင်းမှုကို အကြောင်းပြ၍ ချေးငွေထုတ်ပေးခြင်းများရပ်ဆိုင်းထားခဲ့သည်။
ထိုင်းဘဏ်များက မူချေးငွေပြန်မဆပ်နိုင်ခြင်း များကို ပြဿနာတစ်ရပ်အဖြစ် သုံးသပ်ကြခြင်း မရှိသည်ကို တွေ့ရပြီးအကြောင်းရင်းမှာ ယင်းအကြောင်းရပ်ကို ကိုင်တွယ်ရန်အတွက် ဘဏ္ဍာငွေ အလုံအလောက်ရှိခြင်းကြောင့်ဖြစ်သည်ဟု Financial Times က သုံးသပ်သည်။
ထိုင်းဘဏ်များအနေဖြင့် ချေးငွေဆပ်ရမည့်သူများကို ဆိုင်းငံ့ခွင့်ပေးခြင်း (သို့မဟုတ်) မြေယာများကိုအာမခံအဖြစ် ရယူထားခြင်းတို့ဖြင့် ဖြေရှင်းသွားဖွယ်ရာရှိသည်။
အိမ်ခြံမြေဈေးကွက် ဦးမော့ရေးသည် ထိုင်းစီးပွားရေးတစ်ခုလုံးအတွက် အရေးပါလှသည့်အပြင် ထိုင်းနိုင်ငံ၏ လင်းရောင်ခြည်လည်း ဖြစ်လေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)