အင်္ဂလိပ်လူမျိုးကမ္ဘာကျော် လျှို့ ဝှက်သည်းဖို ရုပ်ရှင်ဒါရိုက်တာကြီိးအဲဖရက်ဟစ်ကော့ခ်ျ ၏ နေအိမ်ကိုကမ္ဘာကျော် ဆောက်သ်ဘီလေလံအဖွဲ့မှ တစ်ဆင့်လေလံတင်ရောင်းချမည် ဖြစ်ကြောင်းနယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ဆာအဲဖရက်ဟစ်ကော့ခ်ျကို ၁၈၉၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် မွေးဖွားသည်။
ဟစ်ကော့ခ်ျသည် အသံတိတ်ရုပ်ရှင်နှင့် အသံထွက်ရုပ်ရှင်ခေတ်ဦး နှစ်ရပ်လုံးတွင် အောင်မြင်မှုရရှိခဲ့ပြီးအကောင်းဆုံးအင်္ဂလိပ် ဒါရိုက်တာအဖြစ် သတ်မှတ်ထားခြင်းခံရသည်။
ဟောလိဝုဒ်သို့ ၁၉၃၉ ခုနှစ်တွင် ခြေချခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသားဖြစ်လာခဲ့သည်။
Psycho သည် ဟစ်ကော့ခ်ျ၏ အောင်မြင်မှုအရဆုံး ရုပ်ရှင်အဖြစ်သတ်မှတ်ထားကြပြီး ယင်းဇာတ်ကားရိုက်ကူးရာတွင် ဒေါ်လာ ၈၀၀၀၀၀ ကုန်ကျခဲ့ပြီးအဖြူ၊ အမဲ ရုပ်ရှင်ဖြစ်သည်။
အဆိုပါဇာတ်ကားသည် ဟစ်ကော့ခ်ျ၏ ဘ၀တစ်လျှောက် အမြတ်အစွန်းအရဆုံးဇာတ်ကားဖြစ်ပြီး ဟစ်ကော့ခ်ျတစ်ဦးတည်း ၀င်ငွေ ကန်ဒေါ်လာ ၁၅ သန်းကျော် ရရှိခဲ့သည်။
ဟစ်ကော့ခ်ျသည် ၎င်းရိုက်ကူးသောဇာတ်ကားများတွင် အချို့ ပြကွက်များ၌ ပါဝင်သရုပ်ဆောင်လေ့ရှိသည်။
Strangers on a Trainဇာတ်ကားတွင် ရထားပေါ်၌ double bassဂစ်တာကြီးကို ကြိုးစားပမ်းစားတီးခတ်နေသူ တစ်ဦးအဖြစ်လည်းကောင်း၊ The Birdsဇာတ်ကားတွင် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်အပြင်ဘက်သို့ ခွေးများနှင့်အတူလမ်းလျှောက်ထွက်နေသူအဖြစ် လည်းကောင်း၊ Rear Windowဇာတ်ကားတွင် အိမ်နီးချင်းတစ်ဦး၏ နာရီကို ပြင်ပေးနေသူအဖြစ်လည်းကောင်း၊ Family Plotဇာတ်ကားတွင် လူရိပ်တစ်ခုအဖြစ်လည်းကောင်း၊ Dial M for Murderဇာတ်ကားတွင် ဓာတ်ပုံတစ်ခု၌ စားပွဲတစ်လုံးတွင် ထိုင်နေသူတစ်ဦးအဖြစ်လည်းကောင်း၊ North by Northwestဇာတ်ကားတွင် ဘတ်စ်ကားမမီသူတစ်ဦးအဖြစ်လည်းကောင်း ပါဝင်ခဲ့ဖူးသည်။
ယခုလေလံတင်ရောင်းချမည့် နေအိမ်တည်ရှိရာမှာ ပြင်သစ်နိုင်ငံ၏ နာမည်ကျော်ကမ်းခြေမြို့ ဖြစ်သော ကိန်းမြို့ ရှိကွိုင်ဒီဂါဒက်စ် တောင်ကုန်းပေါ်တွင် တည်ရှိပြီးပင်လယ်ရေပြင်အထက် ပေ ၇၀၀ အမြင့်တွင် တည်ရှိသည်။
ဟစ်ကော့ခ်ျ၏ နာမည်ကျော် To Catch a Thief ဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို အဆိုပါနေအိမ်ကြီးတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီးယင်းဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သည်။
ယင်းဇာတ်ကားတွင် နေအိမ်ကြီးကိုဆန်းဖို့ဒ်ဗီလာဟု အမည်ပေးထားသည်။
အဆိုပါသုံးထပ်နေအိမ်ကြီးမှ ကိန်းမြို့ တော်ကြီးကို ၃၆၀ ဒီဂရီအပေါ်စီးမှ ရှုမြင်နိုင်ပြီးလေရင် ကျွန်းများနှင့် မြေထဲပင်လယ်အထိစီးမိုးရှုမြင်နိုင်သည်။
အရောင်းဈေးကွက်သို့ ၅၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ရောက်ရှိလာခြင်း ဖြစ်ပြီးယူရိုသန်း ၅၀ မှ ၁၀၀ အကြား (သို့မဟုတ်) ကန်ဒေါ်လာ ၅၇ သန်းမှ ၁၁၃ သန်းအကြားရရှိနိုင်ဖွယ် ရှိကြောင်းခန့်မှန်းထားသည်။ ယင်းနေအိမ်ကြီးသို့ သွားမည်ဆိုလျှင် ဆိုက်ပရပ်တောများ၊ ယူကလစ်တောများ၊ လာဗန်ဒါစိုက်ခင်းများကို ဖြတ်သန်းရမည် ဖြစ်သောကြောင့် စိတ်အာရုံလန်းဆန်းမှု အပြည့်အ၀ ရနိုင်မည် ဖြစ်သည်။ ကိုယ်ပိုင်လေယာဉ် အများစုဆင်းသက်ရာ ကိန်းလေယာဉ်ကွင်း နှင့် ၁၅ မိနစ်ခရီးသာဝေးကွာပြီး ကိန်းလေဆိပ်နှင့်လည်း နာရီဝက်ခရီးသာ ကွာဝေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)