အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ တော်၊ ပက်ဒင်တန် ဘူတာရုံအနီး အဆောက်အအုံတစ်ခု၏ ၁၂ လွှာရှိ penthouse အခန်း တွင်နေထိုင်သော အင်ဒရူးမိုက်ကယ် အမည်ရှိ ၀န်ဆောင်မှု ရှာဖွေရေးဝက်ဘ်ဆိုက်တည်ထောင်သူတစ်ဦးသည် ၎င်း၏ ပေါင် ၆ သန်းတန်
(ကန်ဒေါ်လာ ၈ ဒသမ ၇ သန်း) တန် နေအိမ်ခန်းတွင် အတူနေထိုင်မည့် အခန်းဖော်တစ်ဦး ရှာဖွေလျက်ရှိကာ အခမဲ့နေထိုင်ခွင့် ပေးသွားမည် ဖြစ်သည်ဟု အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အတူနေထိုင်မည့်သူမှာ ရည်မှန်းချက်ရှိသူဖြစ်ရမည့်အပြင် လူမှုဆက်ဆံရေးကောင်းကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်ပြီး အရက်သေစာသောက်စား တတ်သူဖြစ်ရမည်ဟုဆိုသည်။
အင်ဒရူးမိုက်ကယ်နှင့်အတူလက်ရှိအတူနေထိုင်လျက်ရှိသူတစ်ဦးရှိပြီးကိုင်ဖဲလာဆိုသူ ဖြစ်သည်။
အင်ဒရူးမိုက်ကယ်သည် ၀န်ဆောင်မှုမျိုးစုံရှာဖွေရေး ၀က်ဘ်ဆိုက် bark.com ကိုတည်ထောင်ခဲ့သူ ဖြစ်သည်။
အင်ဒရူးမိုက်ကယ်နှင့် ကိုင်ဖဲလာတို့က ၎င်းတို့နှင့်အတူနေ မည့် သူအခြားတစ်ဦးကို မျှော်လင့်လျက်ရှိပြီး ယခုအချိန်ထိမတွေ့သေး ကြောင်းပြောကြားသည်။ “တော်တော်ပျင်းဖို့ကောင်းပါတယ်။ ကျွန်တော်တို့မှာ ငွေမလိုပါဘူး။ ကျွန်တော်တို့နဲ့ သဟဇာတဖြစ်မယ့် သူမျိုးကိုရှာနေပါတယ်” ဟုအင်ဒရူးကပြောကြားသည်။
အင်ဒရူးသည် အဆိုပါ penthouse အခန်းကို ၂၀၀၆ ခုနှစ်အတွင်းပေါင် ၃ သန်းဖြင့် ၀ယ်ယူခဲ့သည်။
၎င်းတို့နှင့်အတူနေထိုင်ရန်အတွက် လျှောက်ထားလာသူပေါင်း ၄၀၀၀ ကျော်ရှိသော်လည်းကြေကွဲဖွယ်ဇာတ်လမ်းများ၊ အသနားခံစာများသာဖြစ်နေကြောင်းပြောကြားသည်။
“အလုပ်အကိုင်မရှိတော့လို့ နေစရာနေရာလိုနေတဲ့ အဖြစ်အပျက်တွေကြားရတာ ၀မ်းနည်းစရာပါ။ ဒါပေမယ့် ကျွန်တော်တို့ရှာနေတာကဒါမျိုးမဟုတ်ပါဘူး။
ရည်မှန်းချက်ရှိပြီးပျော်ပျော်နေတတ်သူမျိုးပါ”ဟုအင်ဒရူးကဆိုသည်။ အင်ဒရူးနှင့် အတူနေထိုင်လိုသူများ အနေဖြင့် coustomerservices@spareroom.co.uk သို့ စာရေးသားပေးပို့နိုင်ပြီးတယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားလိုပါက ၀၁ ၆၂၅ ၆၆၆ ၇၅၀ သို့ အင်္ဂလန်စံတော်ချိန် နံနက် ၉ နာရီမှ ည ၉ နာရီအတွင်းဆက်သွယ်နိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)