တမြန်နေ့က အပေါင်းအသင်းများနှင့် လမ်းဘေးလက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ၀ိုင်းဖွဲ့နေစဉ်၊ အသိရှေ့နေတစ်ဦးရောက် လာသည်။ သူက ဘဏ်မှ ငွေချေးယူထားပြီး ငွေပြန်မဆပ်နိုင်၍ ဘဏ်နှင့် ပြဿနာတက် နေသော သူ့အမှုသည် အမျိုးသမီးကြီးတစ်ဦး အကြောင်း ပြောပြသည်။ စိတ်ဝင်စားစရာ ကောင်းသည်။ အထူးသဖြင့် ဘဏ်မှ ငွေချေးယူလိုကြသူများအတွက် မှတ်သား သတိထားစရာကောင်းသည်။
အသိရှေ့နေပြောပြသည့်ဖြစ်ရပ်ကို အကျဉ်းချုံး၍ လိုရင်းတိုရှင်း တင်ပြချင်ပါ သည်။ အမျိုးသမီးကြီးတစ်ဦးသည် ရန်ကုန် မြို့လယ်နှင့် သိပ်ပြီး အလှမ်းမဝေးသည့် မြို့နယ်တစ်ခုတွင် နေထိုင်သည်။ အိမ်ပိုင် သည်။ မြေပိုင်သည်။ အိမ်မှာ တစ်ထပ် တိုက်ကလေးဖြစ်သည်။ အိမ်တည်ရှိသည့် နေရာမှာ ဘာပဲပြောပြော အကွက်အကွင်း ကောင်းသည်။ သွားလာရ လွယ်ကူသည်။ ပတ်ဝန်းကျင်သန့်ပြန့်သည်။
အမျိုးသမီးကြီး၏ ခင်ပွန်းမှာ လွန်ခဲ့ သော တစ်နှစ်ကျော် နှစ်နှစ်လောက်က ဆုံးပါးသွားခဲ့သည်။ သားထောက်သမီးခံ မရှိ။ အိမ်၌ တစ်ဦးတည်းနေသည်။ အပ် ချုပ်စက် တစ်လုံးရှိသည်။ အပ်ချုပ်တတ် သည်။ အိမ်နီးနားဝန်းကျင်က အပ်ထည် များကို ချုပ်လုပ်ပေးသည်။ ၀င်ငွေသိပ် မကောင်းလှ။ သို့သော် စားနိုင်သောက်နိုင် ဖြစ်သည်။
တစ်နေ့တွင် ရပ်ဝေး၌ နေထိုင်သည့် သူ့ညီမအိမ်ရောက်လာသည်။ ညီမက အိမ်ကို အပေါင်ထားပြီး ဘဏ်မှ ငွေချေး ယူရန် တိုက်တွန်းသည်။ ချေးငွေဖြင့် သူ့ ညီမက သူ့ရပ်သူ့ရွာတွင် အစ်မကြီးအတွက် အလုပ်လုပ်ကိုင်ပေးမည်ဟု ဆိုသည်။ တစ်နှစ်အတွင်း တိုးရင်းပေါင်း ဘဏ်ကို ငွေပြန်လည်ပေးဆပ်နိုင်မည့်အပြင် အမြတ် အစွန်းက ကိုယ့်အတွက် အတော်ပင် ကျန်ဦးမည်ဖြစ်ကြောင်း သူ့ညီမက ဆို သည်။
နောက်ဆုံးတွင် ညီမ၏ စကားကို ယုံကြည်ပြီး အမျိုးသမီးကြီးက ပုဂ္ဂလိက ဘဏ် တစ်ဘဏ်တွင် အိမ်နှင့်မြေကို အပေါင်ထားပြီး ငွေချေးသည်။ သိန်း ၈၀ ဆိုလား ရသည်။ ညီမဖြစ်သူက သိန်း ၆၀ လောက်ယူသွားပြီး ဌာနေပြန်သည်။ ဌာနေတွင် သူ့ညီမဖြစ်သူက ယင်းငွေဖြင့် ကိုယ်တိုင်အလုပ်လုပ်ခြင်းမဟုတ်။ အလုပ် လုပ်သူအား ထပ်ဆင့်ငွေပေးလိုက်ပြီး အလုပ်လုပ်ခိုင်းသည်။
ဘဏ်ချေးငွေမှာ တစ်နှစ်သက်တမ်းရှိ သည်။ ချေးငွေပြန်လည်ပေးဆပ်မည့်အချိန် ရောက်လာပြီ။ ပြန်မဆပ်နိုင်။ အစောပိုင်း က လက်ထဲရှိငွေနည်းနည်းပါးပါးဖြင့် အတိုးပေးနိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် မပေးနိုင်တော့။ ညီမယူသွားသည့် ငွေမှာလည်း ပြန်ပေါ်မလာ။ စုံးစုံးမြှုပ်သွား လေပြီ။ ငွေပြန်မဆပ်နိုင်တော့ ဘဏ်က ကြွေးဖြင့်အိမ်ကိုသိမ်းသည်။ ဤတွင် ရှေ့နေက အမျိုးသမီးကြီးဘက်မှ အမှုလိုက် ပေးရသည်။ ဤအထိသာ ရှေ့နေက ပြောပြခဲ့သည်။
နောက်ပိုင်းသိရသည်မှာ အမျိုးသမီး ကြီးတွင် ကိုယ်ပိုင်အိမ်ဆုံးရှုံးသွားသည်။ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ အခန်းငှားနေရ သည့်ဘ၀ရောက်သွားကြောင်း သိရသည်။ ဤကိစ္စနှင့် ပတ်သက်၍ ငွေချေးယူသူ အမျိုးသမီးကြီးကိုရော၊ ဘဏ်ကိုပါ ပြော စရာရှိသည်။ အမျိုးသမီးကြီးဘက်မှ ချို့ ယွင်းမှုများရှိသလို၊ ဘဏ်ဘက်မှ လိုအပ် ချက်များလည်းရှိပါသည်။ အမျိုးသမီးကြီး ၏ မသိနားမလည်မှုအပေါ်၊ ဘဏ်က အခွင့်အရေးမရယူသင့်ဟု ဆိုချင်ပါသည်။
ငွေချေးလိုသူနှင့် ဘဏ်တို့၏ သဘော သဘာဝ
ဘဏ်က ငွေချေး၍ရကြောင်း လူတိုင်း အလိုလိုသိကြသည်။ လုပ်ငန်းလုပ်ရန် ဘဏ်သို့ သွားရောက်ကာ ငွေချေးတတ်ကြ သည်။ ““ကျွန်တော်က ဒီအိမ်ပိုင်တယ်၊ ဒီမြေပိုင်တယ်။ ဒါကို အပေါင်ထားမယ်။ ငွေဒီလောက်လိုချင်တယ်”” ငွေချေးယူလို သူက ဘဏ်မန်နေဂျာအား တောင်းဆို သည်။ သူလိုချင်သည့် ငွေက အတော်များ သည်။ လောလောလတ်လတ် အပြင်ပေါက် ဈေးအရဆိုလျှင် သူလိုချင်သည်။ ငွေပမာဏ မှာ များလှသည်ကား မဟုတ်။ သို့သော် ဘဏ်က အိမ်တို့မြေတို့ကို ပေါက်ဈေးဖြင့် ဈေးမဖြတ်။ မြေတန်ဖိုးကို ဒေသန္တရ အဖွဲ့အစည်းများ၏ သတ်မှတ် ဈေးနှုန်းဖြင့် ဈေးဖြတ်သည်။ အိမ်ဆိုလျှင် ဘဏ်အနေဖြင့် အခက်အခဲကြုံ၍ ဗြုံးစားကြီး ထိုးရောင်းလျှင် ရနိုင်မည့် အနိမ့်ဆုံးဈေးနှုန်းဖြင့် ဈေးဖြတ် သည်။ FIRE-SALE ခေါ်သည်။ ယင်းသို့ အနိမ့်ဆုံးဈေးနှုန်းများဖြင့် မြေနှင့်အိမ်ကို ဈေးဖြတ်သော်လည်း ဘဏ်အနေဖြင့် ထိုဈေးနှုန်းများအရ အပြည့်အ၀ ငွေထုတ် ချေးခြင်း မရှိပေ။ ယင်းဈေးနှုန်း၏ ၄၀ ရာခိုင်နှုန်း ၀န်းကျင်လောက်ကိုသာ ငွေ ထုတ်ချေးသည်။
ငွေချေးယူလိုသူက သူ့အိမ်သူ့မြေကို အပေါင်ထားပြီး ငွေများနိုင်သမျှ များများ ရယူချင်သည်။ ““ဘဏ်ကို ငွေပြန်မဆပ်နိုင် လျှင် ဘာဖြစ်လာနိုင်သလဲ”” စဉ်းစားခြင်း မရှိ။ ဤသည်မှာ ငွေချေးလိုသူတို့၏ သဘောသဘာဝ။ ဘဏ်များက အိမ်နှင့်မြေ ကို အပေါင်အဖြစ် ရယူထားသော်ငြားလည်း ဖြစ်နိုင်သမျှ ငွေနည်းနည်းပဲ ထုတ်ချေးချင် သည်။ ဘဏ်အနေဖြင့် ““သူက ငွေပြန် မဆပ်ခဲ့လျှင်””ဆိုသည်ကို ထည့်သွင်းစဉ်း စားသည်။ ဤကားဘဏ်၏ သဘောသဘာဝ ဖြစ်ပါ၏။
ငွေချေးလိုသူ ဘာမှားသလဲ
ဖော်ပြခဲ့သော သာဓကတွင် အမျိုးသမီး ကြီး၏ အမှားမှာ ဆိုးဆိုးရွားရွားကြီး အမှားဖြစ်သည်။ သို့သော် မြန်မာပြည်တွင် ယင်းကဲ့သို့သော အမှားမျိုးကို ထပ်တလဲလဲ မှားယွင်းနေကြသော ငွေချေးလိုကြသူ အများအပြားရှိသည်။
အမှန်တကယ်ဆိုလျှင် ဘဏ်မှ ငွေချေး ရန် စဉ်းစားလျှင် ဘဏ်ချေးငွေကို ဘယ်လို ပြန်ဆပ်မလဲ အသေအချာ စီမံကိန်းရေးဆွဲ သင့်သည်။ ဘဏ်က ငွေကို ““အလကား အခမဲ့”” ထုတ်ချေးခြင်းမဟုတ်။ ချေးငွေအပေါ် အတိုးပေးရသည်။ ပြင်ပ ငွေတိုးချစားသူ များ၏ အတိုးနှုန်းနှင့် နှိုင်းစားလျှင် ဘဏ် တိုးနှုန်းမှာ သက်သာသည်ဆိုသော်လည်း သိန်းပေါင်းများစွာ ငွေချေးယူသူများအဖို့၊ ဘဏ်ကိုပေးရသည့်အတိုးမှာ နင့်နေအောင် ပေးကြရသည်။
ထို့ကြောင့် စိတ်ကူးယဉ်လုပ်ငန်းသစ် တစ်ခုအတွက် ဘဏ်မှ ငွေချေးယူခြင်း မပြုသင့်ပေ။ စ,လုပ်သည့် လုပ်ငန်းသစ်မှာ အောင်မြင်မည် မအောင်မြင်မည် မပြော နိုင်။ ၀င်ငွေဘယ်လောက်ရှိမလဲ မသေချာ သေး။ ယင်းအတွက် ဘဏ်မှ ငွေချေးယူခြင်း မှာ အလွန်စွန့်စားရသည့် အလုပ်ဖြစ် သည်။
စင်စစ်အားဖြင့် အောင်မြင်လျက်ရှိ ပြီး ပုံမှန်ဝင်ငွေရရှိနေသော လုပ်ငန်းအတွက် ယင်းလုပ်ငန်းကို တိုးချဲ့ရန်သာ ဘဏ်မှ ငွေချေးယူသင့်သည်။ ထိုသို့ ချေးယူရာ၌ လည်း အမှန်တကယ်လိုအပ်သည့် ငွေ ပမာဏကိုသာ ချေးယူသင့်ပါသည်။ အပို အလျှံ လိုလိုပိုပို ငွေချေးယူထားလျှင် ပိုငွေမှာ အလဟဿသာဖြစ်သွားနိုင်ပြီ၊ ဘဏ် တိုးပိုပေးနေရ၍ ကိုယ့်အတွက် အကျိုး မရှိ။ ရှိပြီးလုပ်ငန်းကို တိုးချဲ့ရန် ငွေချေး ယူရာ၌လည်း ဘဏ်ကို ငွေပြန်ဆပ်ရေး အတွက် စီမံချက်ရေးဆွဲထားရမည်။ အဆိုပါ စီမံချက် (PLAN-A)အတိုင်း အမှန် တကယ်အကောင်အထည်ဖော်ရန်လည်း လိုပေသည်။ ထို့ပြင် အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် စီမံချက်အတိုင်းဖြစ် မလာဘဲ လွဲချော်သွားခဲ့လျှင် မည်သို့ဆောင် ရွက်မည်နည်း ယင်းနှင့် ပတ်သက်ပြီး လိုလိုမယ်မယ် ဒုတိယစီမံချက် ( PLAN-B ) တစ်ခုလည်း အရန်သင့် ရေးဆွဲထားရန် လိုပေသည်။
လုပ်ငန်းလုပ်လျှင် ကိုယ်တိုင်ကျွမ်းကျင် သည့်လုပ်ငန်းကို လုပ်ကိုင်ရန်လိုသည်။ မကျွမ်းကျင်သည့်လုပ်ငန်းကို မလုပ်ပါနှင့်။ သူတစ်ပါးအားကိုးဖြင့်လည်း လုပ်ငန်းမလုပ် ပါနှင့် ပြောချင်သည်။ လုပ်ငန်းလုပ်သည် ဆိုသည်မှာ ကိုယ်တိုင်က ကျွမ်းကျွမ်းကျင် ကျင်ရှိပြီး၊ သတိ ၀ီရိယနှင့် လုပ်ကိုင်ပါမှ တော်ရုံကျသည်။ သာဓကပါ အမျိုးသမီး ကြီး၏ အမှားမှာ ကိုယ်တိုင်ကလည်း လုပ်ငန်းအကြောင်းမသိ။ ညီမစကားကို ယုံကြည်ပြီးညီမကို လုပ်ကိုင်စေသည်။ ညီမ ကိုယ်တိုင်ကလည်း လုပ်ငန်းကိုမလုပ်။ အခြားတစ်ဦးအားလုပ်ငန်းလုပ်ရန် လွှဲ ပေးလိုက်သည်။ ဘာစီမံချက်မှလည်းမရှိ။ စိတ်ကူးယဉ်သက်သက်ဖြစ်နေသည်။ နောက်ဆုံးတွင် အိမ်ပိုင်မြေပိုင်ရှိသည့် အစ်မကြီးမှာ
ဘဏ်ချေးငွေ ပြန်မဆပ်နိုင် ၍ အိမ်ဆုံးရှုံးပြီး အိမ်ငှားနေရသည့်ဘ၀ ရောက်သွားခဲ့ရ၏။
ဘဏ်မှ ငွေချေးယူစဉ်က အိမ်ရာမြေ နှင့်ပတ်သက်သော ပိုင်ဆိုင်ကြောင်းစာချုပ် စာတမ်းများကို ဘဏ်သို့တရားဝင်လွှဲပြောင်း ပေးခဲ့ရသည်။ ကြွေးပြန်မဆပ်နိုင်လျှင်၊ ဘဏ်အနေဖြင့် ကြွေးပြန်ရရှိရေး အတွက် အိမ်ကို သိမ်းပိုင်ခွင့် ထုခွဲရောင်း ချနိုင်ခွင့်ရှိပြီး ဖြစ်သည်။ ဘဏ်ကသူ့ချေးငွေ ပြန်လည် ရရှိရေးအတွက်တရားဥပဒေဘောင်အတွင်း မှ ရှေ့နေရှေ့ရပ်တို့ဖြင့် ချည်ပြီးတုပ်ပြီး အသေအချာလုပ်ကိုင်ထားပြီးဖြစ်ပါ၏။
ဘဏ်က ဘာမှားသလဲ
အဆိုပါ အမျိုးသမီးကြီးကို ငွေထုတ် ချေးပေးခဲ့သည့် ဘဏ်မှလည်း အပြစ်မကင်း ပေ။ ငွေချေးလိုသူက အပေါင်ပစ်္စည်းပေးကာ ငွေလာချေးသဖြင့် ဘဏ်က ငွေထုတ်ချေးပေး ခဲ့ခြင်းဖြစ်ကြောင်း စောဒက တက်နိုင်ပါ၏။ သို့သော် ဘဏ်က ငွေထုတ်မချေးမီ အမျိုး သမီးကြီး၏ လုပ်ငန်းကို စေ့စေ့စပ်စပ် စုံစမ်းမေးမြန်းခဲ့သင့်သည်။ ယင်းသို့ မေး မြန်းရန်လည်း ဘဏ်၌ တာဝန်ရှိသည်။
ငွေချေးချင်တာ ဘာလုပ်ငန်းလုပ်မလို့ လဲ။ အမြတ်အစွန်းက ဘယ်လောက်ရှိမလဲ။ ဘဏ်ကို ငွေဘယ်လိုပြန်ဆပ်ဖို့ စိတ်ကူး ထားသလဲ။ စေ့စေ့ပေါက်ပေါက် မေးမြန်း နိုင်လျှင်၊ အမျိုးသမီးကြီး၏ မည်မည်ရရ မရှိသော လုပ်ငန်းကိုငွေချေး၍ မဖြစ်ကြောင်း ဘဏ်က သိရှိလာနိုင်သည်။ ယင်းလုပ်ငန်း အတွက် ဘဏ်မှ ငွေမချေးသင့်ကြောင်း ထိုအမျိုးသမီးကို အကြံကောင်းဉဏ် ကောင်းပင် ဘဏ်မန်နေဂျာက ပေးခဲ့သင့် ပါသည်။
ဘဏ်က အပေါင်ပစ္စည်းကို မက်မော ၍ ငွေထုတ်ချေးလျှင် ““အပေါင်ဆိုင်”” ဖြစ်သွားမည်။ အမြတ်ကို မြင်၍ လောဘ တက်ကာ ငွေထုတ်ချေးလျှင် ““ချစ်တီး””
( Chettyar ) ဖြစ်သွားမည်။ အမှန်တကယ် တွင် ဘဏ်သည် အပေါင်ဆိုင်လည်း မဟုတ်။ ချစ်တီးလည်း မဟုတ်ပေ။ ယနေ့ မြန်မာနိုင်ငံတွင် မြန်မာပိုင်ပုဂ်္ဂလိကဘဏ် များသည် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ မြန်မာ့စီးပွားရေးကို မြင့်တင်ထောက်ကူပေး နေချိန်တွင် ဘဏ်က ပြည်သူတစ်ဦး ဘ၀ ပျက်သွားနိုင်သည့် ဘဏ်ချေးငွေ ထုတ်ချေး ပုံမျိုးကို ရှောင်ရှားသင့်ပါ၏။ ။
မင်းရွှေမောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com