အာရပ်စော်ဘွားများပြည်ထောင်စုရေနှင့် လျှပ်စစ်အာဏာ ပိုင်အဖွဲ့ (Adwea)သည် အာရပ်စော်ဘွား များပြည်ထောင်စု၊ မြို့ တော်အဘူဒါဘီတွင် မဂ္ဂါဝပ် ၃၅၀ ရှိနေစွမ်းအင်ဓာတ်အားပေးစခန်းတည်ဆောက်ရန် လေလံခေါ်ယူလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ WAM က ထုတ်ပြန်သည်ဟု အရှေ့ အလယ်ပိုင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အဆိုပါဓာတ်အားပေးစခန်းသည် အဘူဒါဘီအတွက် ပထမဆုံးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုနိုင်မည့် အလားအလာတစ်ခုလည်း ဖြစ်သည်။
လက်ရှိအားဖြင့် အဘူဒါဘီတွင် အသုံးပြုလျက်ရှိသည်မှာ သဘာဝဓာတ်ငွေ့သုံးဖြစ်ပြီးဓာတ်အားပေးစက်ရုံ ၁၁ ခုရှိသည်။
အာရပ်စော်ဘွားများပြည်ထောင်စုသည် လာမည့် ၂၀၂၀ ခုနှစ်တွင် စွမ်းအင်စုစုပေါင်း၏ ၇ ရာခိုင်နှုန်းကို ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ ရယူနိုင်ရန် မျှော်မှန်းထားသည်။ အဆိုပါဓာတ်အားပေးစခန်း ဆောက်လုပ်ရာတွင် နိုင်ငံပိုင် Adweaဆောက်လုပ်ရေးမှ ကွပ်ကဲသွားမည် ဖြစ်သည်။
စီမံကိန်းတည်ရှိမည့်နေရာမှာအဘူဒါဘီ၏ အရှေ့ ဘက် ၁၂၀ ကီလိုမီတာအကွာ တွင်ရှိသော အစ်ဆွေဟန်မြို့ တွင် ဖြစ်သည်။
ရွေးချယ်ခံရသည့် developer သည် စီမံကိန်း၏ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပြီးကျန် ၆၀ ရာခိုင်နှုန်းကို Adwea မှ ချုပ်ကိုင်သွားမည် ဖြစ်သည်။
Adwea မှ ဓာတ်အားပေးစခန်းများသည် လက်ရှိဓာတ်အားလိုအပ်မှုကို ဖြည့်တင်းပေးနိုင်မည်ဖြစ်သော်လည်း ၂၀၂၀ ခုနှစ်သို့ အရောက်တွင် စွမ်းအင်လိုအပ်မှု ၁၅ ရာခိုင်နှုန်းပိုမိုမြင့်တက်လာမည်ဖြစ်ရာမဂ္ဂါဝပ် ၂၁၀၀၀ အထိရောက်ရှိဖွယ်ရာရှိသည်။
အိမ်နီးချင်းဒူဘိုင်းတွင်လည်းနေစွမ်းအင်ဓာတ်အားပေးပမာဏကို မြှင့်တင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)