အစိုးရလက်ထက်တိုင်းတွင် မြို့သစ်များပေါ် စမြဲပင်ဖြစ်သည်။၂၀၁၀ ခုနှစ် အစိုးရလက်ထက် က ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ မြေနေရာအား ရန်ကုန်မြို့သစ်ဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။သို့သော်လည်း ထိုစဉ်ကာလအတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဦးမြင့်ဆွေ၊ ယနေ့ ဒုသမ္မတ၏ လက်သိပ်ထိုး တင်ဒါပေး ပြုလုပ်ခဲ့ မှု၊လွှတ်တော် ကိုယ်စားလှယ်ဒေါ်ညိုညိုသင်း၏ အကွက်မြင်မြင် ကန့်ကွက်ခဲ့မှုတို့ကြောင့် ရပ်ဆိုင်းခဲ့ရသည်။
သို့သော် ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မြို့သစ်အကောင်အထည်ဖော်မည့် စိတ်ကူးမှာမူ အမှန်တကယ်လိုအပ်ချက်တစ်ခုဖြစ်နေသော ရန်ကုန်မြို့ပြအတွင် လိုအပ်လွန်းလှပေသည်။ လူနေမှုထူထပ်သိပ်သည်းလာခြင်း၊မြို့တော်အင်္ဂါရပ်များ အညီအညွတ်မရှိတော့ခြင်း၊လူနေထူထပ်သိပ်သည်းမှုအတွက် မြေနေရာ လိုအပ်လာခြင်း အစရှိသည်တို့ကြောင့် ရန်ကုန်မြို့သစ်ဆိုသည်မှာ အမှန်တကယ် လိုအပ်လာသော မြို့တော်တစ်ခုပင်ဖြစ်လာသည်။
ထို့ကြောင့် လက်ရှိ NLD အစိုးရသစ် တာဝန်ယူဆောင်ရွက်ချိန်တွင် ရန်ကုန်တိုင်းဒသကြီး ဝန်ကြီးချုပ်ဖြစ်လာသူ ဦးဖြိုးမင်းသိမ်း အနေဖြင့်လည်း မြို့သစ်ဖော်ဆောင်မည့်အနေအထားရှိနေသည်။ဖော်ဆောင်နိုင်ရန် လျာထားကြောင်းလည်း ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦးကပြောပြထားသည်။""မြို့သစ်စီမံကိန်းတွေက အစိုးရအဆက်ဆက်ဖော်ထုတ်ခဲ့တာကြီးပဲ။တစ်ဖက်က ကြည့်ရင် အစိုးရအနေနဲ့ မှတ်တမ်းကောင်းကျန် ဖို့ နောက်တစ်ခု က တကယ်လိုအပ်လို့ လုပ်သင့်တာ။ အခု ဖြစ်သင့်တာကလည်း ရန်ကုန်မြို့ဟောင်းက ရှိတဲ့လူဦးရေနဲ့တင် တကယ်ကျပ်ညပ်နေတဲ့ အနေအထား။ ဒါကြောင့်မို့ မြို့တော်အသစ် လိုပြီ။အရင်ကလည်း ယုဇနဥယျဉ်မြို့တော်၊ရွှေပြည်သာ၊တောင်ဒဂုံ မြောက်ဒဂုံတွေ ဖော်ထုတ်ပေးခဲသလိုပေါ့။အဲဒီလိုမြို့သစ်တွေ ဖော်ထုတ်ပေးမှလည်း လူနေမှုဆိုင်ရာ အခက်အခဲကြီးမားနေမှုတွေကို ဖြေရှင်းနိုင်မှာပါ။ အရင် အစိုးရလည်း လုပ်ခဲ့တာဘဲ။ဒါပေမယ့် ပွင့်လင်းမြင်သာမှုမရှိဘဲ လက်သိပ်ထိုးပေးတဲ့ ပုံစံ ဖြစ်နေတာကြောင့်ကန့်ကွက်ခဲကြရတာ။""ဟု ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌက ပြောပြသည်။
မြန်မာနိုင်ငံတွင် စီမံကိန်းအကြီးတစ်ခုဖော်ဆောင်မည့် အသံထွက်လာချိန်တွင် အစိုးရ၏ ပွင့်လင်းမြင်သာမှု အားနည်းချက်များကြောင့် အေညက်ခြေလူတန်းစားမှာ အကျိုးအမြတ်ခံစားရမှုနည်းပါးလွန်းခဲ့ကြသည်။ယင်းအခြေအနေသည် အမှန်တကယ်ဖြစ်ကြောင်း ယခင် မြို့သစ် စီမံကိန်းဖော်ဆောင်မည်ဟူသော သတင်းစကား ထွက်ပေါ်လာချိန်တွင် ယင်းနေရာတစ်ဝိုက် ရှိမြေများအားလုံးမှာ မူလပိုင်ရင်မှ ရောင်းချထားနှင့်ပြီး သားအခြေအနေကသက်သေခံလျက်ရှိနေသည်။ အလားတူပင် ဒလ တံတားစီမံကိန်းသည်လည်း အခြေခံ လူတန်းစားများမှာ ရသင့်ရထိုက်သော အကျိုးအမြတ်များကို မခံစားခဲ့ရသည်က မျက်မြင်ဖြစ်နေပေသည်။
""အဓိက က ကျွန်တော်တို့ဆီမှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့တာ။အဲဒါကြောင့်ဘဲ မူလမြေယာပိုင်ဆိုင်တဲ့ သူတွေ၊အခြေခံလူတန်းစားတွေက အကျိုးအမြတ် ကောင်းကောင်း မွန်မွန်မခံစားခဲ့ကြရဘူး။ တကယ် သိန်ပေါင်း သုံး လေးထောင်ဖြစ်ချိန်မှာ အမှန်တကယ် အကျိုးအမြတ်ရခဲ့သူတွေက အစိုးရနဲ့ နီးကပ်နေသူတွေပဲရခဲ့တယ်။ ဒါကတော့ ကျွန်တော်တို့ ဒလမှာ အမှန်တကယ် တွေ့ကြုံခဲ့ရတဲ့ အရာတွေပဲ။တကယ်လို့ ခုချိန်မှာ မြို့သစ်ပြန်လုပ်မယ်ဆိုလည်း အမှန်တကယ်မြေယာ ပိုင်ဆိုင်တဲ့ မူလမြေပိုင်ရှင်တွေအတွက် အကျိုးအမြတ် ရစေချင်ပါတယ်။ ပွင့်လင်းမြင်သာပါ။ဒါဆိုရင် အားလုံး အခွင့်အရေးက အားလုံးတန်းတူရမှာပါဘဲ""ဟု ဒလမြို့နယ် အခြေစိုက် Golden Land အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ အကျိုးဆောင်တစ်ဦး ကပြောပြခဲ့သည်။
လက်ရှိ အိမ်ယာ လိုအပ်ချက်၊ မြို့ပြလူနေမှုစနစ် ဖွံ့ဖြိုးရန်နှင့် မြို့နေလူထု အသက်ရှုချောင်ရန်မှာ မြို့သစ်တစ်ခု မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။သို့သော် ယခုထပ်မံပေါ်ပေါက်လာဖွယ်ရှိသည့် မြို့သစ်စီမံကိန်းနှင့် ဆက်စပ်သက်ဆိုင်နေသော နေရာများ မြေကွက်များ၏ အိမ် ခြံ မြေဈေးကွက် အနေအထား သာယာကောင်းမွန် မှုရှိမည် မရှိမည် ကိုမူ ခန့်မှန်းရန်ခက်နေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထုအနေဖြင့် စီမံကိန်းဟူသည်ကို ကြောက်ရွံ့မှုများရှိလာခြင်းကြောင့်ပင်ဖြစ်သည်။
ငါးပွက်ရာ ငါးစာ ချမရတော့သည့် ခေတ်
ယခင်က စီမံကိန်းအသံကြားသည်နှင်တစ်ပြိုင်နက် ယင်းနေရာနှင့်ဆက်စပ်နေရာများအားလုံးကို အများစုမှစိတ်ဝင်တစား လိုက်လံဝယ်ယူခဲ့ကြဖူးသည် ။ဈေး အတက်အကျ ကြမ်းမှုများလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ကြဖူးသည်။ ထိုသို့ ဖြစ်ရခြင်းမှာ စီမံကိန်း၏ နောက်ဆက်တွဲအကျိုးဆက်တစ်ခုပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် စီမံကိန်းသည် မသေချာ မရေရာသော အဖြစ်များ မကြာခဏဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် စီမံကိန်းအသံအပေါ် လိုက်ပါရင်းနှီးမြုပ်နှံသော လူတန်းစားတစ်ရပ်မှာ မကြာခဏ အခက်တွေ့ ခဲကြသည်။ထို့ကြောင့် ယနေ့ကာလတွင် စီမံကိန်းအသံကြားသည်နှင့် ယခင်ကဲ့သို့ မြေကွက်များအား အဆောတလျင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြတော့မည် မဟုတ်ခြင်းကြောင့် မြို့သစ်စီမံကိန်းနှင့် အနီးတစ်ဝိုက်သည် ဈေးကွက်အနေအထားအရ သာယာနိုင်ဖွယ်ရှိမည်မဟုတ်ကြောင်း အိမ် ခြံ မြေ လုပ်ငန်းရှင်များကသုံးသပ်ပြောဆိုကြသည်။
မည်သို့ဆိုစေ အိမ် ခြံ မြေ ဈေးကွက်၏ မြို့သစ်စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်အလားအလာသည် ပွင့်လင်းမြင်သာမှုအပေါ်တွင် အဓိကထား မူတည်နေသည်။ ယင်းအချက်သည် အခြေခံလူတန်းစားနှင့် မူလမြေပိုင်ရှင်တို့ အတွက် အကျိုးအမြတ်ရစေရေးအတွက် အဓိက အခြေအနေတစ်ရပ်ပင်ဖြစ်ကြောင်းနှင့် ပွင့်လင်းမြင်သာ မှုအားကောင်းခဲ့ပါက မြို့သစ်နှင့်စပ်လျဉ်းသော အိမ် ခြံ မြေ ရာသီဥတုမှာ သာသာယာယာ အနေအထား တစ်ရပ်ဖြစ်ထွန်းလာဖွယ်ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါတော့သည်။
မင်းဝသန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com