အိမ်ခြံမြေကဏ္ဍမှာ သိသိသာသာပျောက်ကွယ်သွားတာကတော့ သတင်းစာနဲ့ ဂျာနယ်တွေမှာ မြေနေရာဈေးကောင်းပေးဝယ်တယ် ။ ဘယ်နေရာကမြေကွက်တွေလိုချင်ပါတယ်ဆိုတဲ့ ကြော်ငြာတွေပါ။
အတွေ့များနေတာက ဌာနဆိုင်ရာက ကန့်ကွက်နိုင်ကြောင်း ကြေညာချက်တွေနဲ့ ကန်ထရိုက်တာတွေကို လုပ်ငန်းမပြီးသေးတဲ့အတွက် တရားစွဲဆိုတဲ့ အသိပေးကြော်ငြာချက်တွေပါ ။ နောက်ပြီး မြေကွက်ပိုင်ဆိုင်မှု အပြန်အလှန်ကန့်ကွက်ကြတဲ့ ပိုင်ဆိုင်မှုပြဿသနာတွေလည်း တွေ့ရဖြစ်ပါတယ်။
အိမ်ခြံမြေဈေးကွက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရောင်းအဝယ်ဈေးကွက်ပျက်နေတာပါ ။ ဈေးကွက်အေးနေတာကို ကျွမ်းကျင်သူတချို့ကတော့ အဝယ်ဈေးကွက်ပျောက်လို့ ၊ အခွန်သစ်ကြောင့် ၊ ဈေးအဆမတန်မြင့်တက်ခဲတာကြောင့် ၊ ငွေဖြူ ငွေနည်းစိစစ်မှုတွေ များလာတာစတဲ့ ထင်ကြေးအမျိုးမျိုးနဲ့ သုံးသပ်ကြပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ပြောရရင်တော့ ငွေကြေးခဝါခမှုတွေကို တင်းကျပ်လိုက်တာကြောင့်လဲပါတယ် ၊ သိသိသာသာကို အရောင်းငြိမ်ကျသွားတာ ၊ ကျောက်စိမ်းဈေးကွက်ပြီးတာနဲ့ အိမ်ခြံမြေကိုလှည့်ဝင်တတ်ကြတယ် ၊ တခြားငွေရလမ်းမပြနိုင်တဲ့ စီးပွားရေးငွေကြေးတွေကလဲ ဒီထဲကပဲစီးဝင်ခွင့်ရနေပြီး စိစစ်လိုက်တော့ ရပ်သွားတာပဲ’လို့ ပြောပါတယ်။
တရုတ်ဘက်ကအဝယ်သမားတွေ ၊ နယ်ဘက်က ဈေးကစားတဲ့ ဝယ်ရောင်းသမားတွေ မဆင်းလာတော့ဘဲ မြို့ခံအကျိုးဆောင်တွေ အချင်းချင်းပဲ လည်ပတ်ပြီး အရောင်းအဝယ်ဈေးကွက်ကို ထိန်းခဲ့ကြတယ် ။ ဒါပေမဲ့ ကြာကြာမထိန်းနိုင်တော့ဘဲ ဈေးကွက်တင်တာတွေ ၊ ပွဲညွန့်တင်တာတွေ ၊စာချုပ်စာတမ်းလိမ်ရောင်းတာတွေ စတဲ့ပြဿသနာတွေရှိလာတယ်။
ဈေးတက်ခဲ့တာလည်းပါ
အိမ်ခြံမြေဈေးကွက်ကောင်းတဲ့ အချိန်က မြေကွက်တွေကို ဈေးကောင်းပေးဝယ်တယ် ။ ဘယ်စီမံကိန်းရှိတယ်ဆိုပြီး သတင်းစရတာနဲ့ စီမံကိန်းသတင်းထွက်တဲ့မြေနေရာရဲ့ဈေးက ချက်ချင်းဈေးတက်ခဲ့တယ် ။ ဈေးကွက်အကောင်းဆုံးဖြစ်ခဲ့တာက ဒဂုံလေးမြို့နယ်က မြေတွေပါ ။ မြေကွက်မှုလတန်ဖိုးထက်ကို ဈေးမတန်တဆကို မြင့်ခဲ့တာဖြစ်တယ်။
ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က ‘ဒဂုံကတော့ ဈေးကောင်းအရဆုံးဖြစ်ခဲ့တာ ၊ ရန်ကုန်မြို့သစ်စီမံကိန်းထွက်လာတာတောင် ဈေးကွက်မလှခဲဘူး ၊ စာရွက်စာတမ်းအတုတွေနဲ့ နယ်ဝယ်လက်တွေ ၊ ဝယ်ရောင်းသမားတွေကြောင့် ဈေးတွေမတန်တဆမြင့်ပြီး ကြာတော့မှ ပိုက်ဘောတွေမိပြီး ဈေးကွက်ပျက်ခဲ့တာ’လို့ ပြောပါတယ်။
ဈေးမြင့်လာခဲ့တဲ့ အကျိုးဆက်
မြေဈေးတွေမြင့်လာတာကြောင့် လယ်မြေ ၊ ရွာမြေ ၊ ပုံစံ (၁၀၅) ၊ ပုံစံ (၇)စတဲ့မြေတွေပါ ဈေးတွေမြင့်လာပြီး အကွက်ရိုက်ရောင်းတာတွေ ဖြစ်လာပါတယ် ။ ပါမစ်မြေ ၊ ဂရန်မြေတွေကိုလည်း ၁၀ပေ ၊ ပေ ၂၀ ခွဲရောင်းတာတွေဖြစ်လာတယ် ။ သည်လိုခွဲခြမ်းရောင်းတာတွေကနေ မြေယာပိုင်ဆိုင်မှုပြဿနာတွေပိုပြီး ဆိုးရွားလာတာပါ ။
အထက်တန်းရှေ့နေ မသီတာက ‘မြေယာပြဿနာတွေက ၂၀၁၄ ခုနှစ်လောက်ကစပြီး ပိုများလာတယ် ၊ တချို့ဆို လက်ညိုးထိုးရောင်းတာကို ဝယ်တဲ့အထိဖြစ်ကြတယ် ၊ အစိုးရစီမံကိန်းတွေမှာလဲ မြေယာပြဿနာတွေဖြစ်လာတာက မြေဈေးမြင့်လာတာရဲ့ အကျိုးဆက်တွေ’လို့ ပြောပါတယ်။
နောက်ဆက်တွဲ
မြေဈေးကြီးလာတာရဲ့ နောက်ဆက်တွဲ့ပြဿနာတစ်ခုက ဆောက်လုပ်ရေးဈေးကွက်ပါ ။ နေရာကောင်းတွေမှာ ဆောက်ချင်ပြီး ဈေးကောင်းရအောင်မြေရှင်နဲ့ ကန်ထရိုက်တာအကျိုးတူဆောက်လုပ်မှုတွေပါ ။ မြေရှင်တွေကလည်း ပိုက်ဆံရမယ်ဆိုတဲ့အတွေးနဲ့ သေချာမသိဘဲ ဆောက်လုပ်ကြပြီး စာရွက်စာတမ်းတွေလိမ်သွားတာ ၊ ကန်ထရိုက်တာက ပေါင်လိုက်တာ ၊ လုပ်ငန်းမလုပ်တော့ဘဲ ကြိုပွိုင့်ငွေယူသွားတာ ၊ တရားမဝင်ဆောက်တာစတဲ့ ပြဿနာတွေပါ ဆင့်ပွားလာတာပါ ။
ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးတင်မောင်ဝင်းက ‘အားလုံးသိတဲ့အတိုင်း နာမည်ကြီးဆောက်လုပ်ရေးကုမ္ပဏီရဲ့ အမှုက ဆောက်လုပ်ရေးဈေးကွက်ကို ပိုပြီးဆိုးရွားသွားစေတယ် ၊ နောက်ကြိုပွိုင့်စနစ်နဲ့ ရောင်းတဲ့အခန်းတွေကြောင့်လဲပါတယ် ၊ တကယ်ရိုးရိုးသားသားလုပ်ကြတာရှိပေမဲ့ တချို့တစ်နပ်စားကန်ထရိုက်တာတွေကြောင့် ဈေးကွက်ပျက်ခဲ့တာ’လို့ ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်က အရောင်းသာရှိပြီး အဝယ်မရှိတော့ဘဲ ဈေးကွက်ပျက်နေရတဲ့ အကြောင်းအရာတွေက ဆက်နွယ်မှုတွေများတယ်လို့သိရတယ် ။
ဈေးကွက်ရဲ့ပရမ်းပတာဖြစ်ပျက်နေတာတွေကို အစိုးရက အခွန်ဥပဒေတွေ ၊ သတ်မှတ်ချက်အသစ်တွေနဲ့ ထိန်းချုပ်မှုတွေကတည်း ဈေးကွက်အေးစေတာလို့ အကျိုးဆောင်တချို့ ပြောပါတယ်။
ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက ‘မြေဈေးတွေကြီးပြီး အိမ်ခြံမြေဈေးကွက်ရဲ့ အကျိုးဆက်က နောက်ဆုံးသွားတာက အိမ်ငှားခဈေးမြင့်လာတဲ့ဆီကိုပဲ ၊ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ကလဲ မြေဈေးကြောင့် စောင့်ကြည့်နေကြတာတွေလဲရှိတယ်’ လို့ ပြောပါတယ် ။
Credit: The Modern