ဂျပန်ပြည်တွင်းdeveloperများဖြစ်သော နိုမူရာအိမ်ရာဖွံ့ဖြိုးရေး၊ တိုကျိုတာတီမိုနိုနှင့် အခြား developer ကုမ္ပဏီ ၂ ခုပူးပေါင်း၍ ဂျပန်တွင် အကြီးမားဆုံးလူနေအိမ်ရာစီမံကိန်း တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်းတိုကျိုအခြေစိုက် အိမ်ခြံမြေသတင်းတစ်ခုတွင် ဖော်ပြသည်။
တိုကျိုမြို့ ၊ ရှင်ဂျူကူရပ်ကွက်ရှိစီးပွားရေးလုပ်ငန်းများအခြေစိုက်ရာတွင် အမြင့် ၂၃၅ မီတာ (၇၇၀ ဒသမ ၉ ပေ) ၊ ၆၅ ထပ်ရှိလူနေတိုက်ခန်းအဆောက်အအုံ ၂ ခုဆောက်လုပ်မည်ဖြစ်သည်။
အဆိုပါအဆောက်အအုံ ၂ ခုတွင် လူနေခန်းပေါင်း ၃၂၀၀ ပါဝင်မည်ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ရန် စီစဉ်ထားပြီး ၂၀၂၆ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားသည်။
ယင်းအဆောက်အအုံ ၂ လုံးပြီးစီးသွားပါကအထပ်ရေအရ နှိုင်းယှဉ်မည်ဆိုလျှင် ဂျပန်တွင် အမြင့်မားဆုံးအဆောက်အအုံ များ ဖြစ်လာမည်ဖြစ်ပြီး ပါဝင်သော အခန်းအရေအတွက်အရ နှိုင်းယှဉ်မည်ဆိုလျှင် အကြီးမားဆုံးလူနေအိမ်ရာစီမံကိန်း ဖြစ်လာမည် ဖြစ်သည်။
အဆိုပါစီမံကိန်းတည်ရှိရာနေရာမှာရှင်ဂျူကူရပ်ကွက်ရှိ ပါ့ခ်ဟတ်ဟိုတယ်မှ တောင်ဘက် ရှင်ဂျူကူဗဟိုပန်းခြံအထိ ဖြစ်ပြီးစီမံကိန်းအတွက် ကုန်ကျစရိတ်မှာယန်းငွေ ၂၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံ) ဖြစ်သည်။
အကျယ်အ၀န်း ၅ ဟက်တာ (၁၂ ဒသမ ၃ ဧက) ရှိသောမြေပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီးလက်ရှိအားဖြင့် အဆိုပါနေရာတွင် သက်တမ်းရင့်ကာဟောင်းနွမ်းနေပြီဖြစ်သောလူနေအိမ်များ၊ ရုံးခန်းများတည်ရှိနေသည်။
အဆိုပါဝန်းကျင်တွင် လူဦးရေ ၁၀၀၀ ရှိခဲ့ရာမှ စီမံကိန်းပြီးစီးမည့် ၂၀၂၆ ခုနှစ်သို့ရောက်ရှိပါကလူဦးရေ ၁၀၀၀၀ အထိနေထိုင်နိုင်မည် ဖြစ်သည်။
ယင်းလူနေခန်းများ၏ အရောင်းတန်ဖိုးကိုမူမသိရသေးချေ။
အနီးရှိအထပ် ၆၀ အမြင့် ကွန်ဒိုမီနီယမ်မှ အခန်းသစ်တစ်ခန်း၏ ပျှမ်းမျှပေါက်ဈေးမှာယန်းငွေ ၆၁ သန်း ( ကန်ဒေါ်လာ ၅၆၃၀၀၀) ဖြစ်သည်။
ဂျပန်နိုင်ငံ၏ အကြီးမားဆုံးလူနေအိမ်ရာစီမံကိန်း ၅ ခုမှာ
(၁) တိုကျိုတာဝါ- လူနေခန်း ၂၈၀၀
(၂) ကမ္ဘာ့မြို့ တော်တာဝါ- လူနေခန်း ၂၁၀၀
(၃) Urban Dock Park City - လူနေခန်း ၁၅၀၀
(၄) Deus Tours Canal & Spa- လူနေခန်း ၁၅၀၀
(၅) SunmarksDainichi- လူနေခန်း ၁၂၀၀ တို့ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)