မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်သည် လက်ရှိအချိန်ကာလတွင် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဖြစ်ထွန်းလျက်ရှိသော်လည်း ရွာဘက်ရှိခြံမြေများမှာ မြို့ပေါ်နေရာများထက် ပိုမိုရောင်းအားကောင်းမွန်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
နေထိုင်ရန်အေးဆေးသောအရပ်ဖြစ်ခြင်း၊ရာသီဥတု အေးခြင်း၊ခြံကျယ် ဝန်းကျယ်အစရှိခြင်းတို့ကြောင့်ပြင်ဦးလွင်သည် အနားယူနေထိုင်လိုသော လူများ၏ ရွေးချယ်ရာ အရပ်ဖြစ်လာခဲ့သည်။""ဒီမြို့မှာနေတဲ့သူတွေရဲ့ အဓိက စီးပွားရေးက ခြံမြေ လုပ်ကိုင်စားသောက်တာပဲ။ လာနေချင်တဲ့သုတွေကလည်း ဘဝ ကိုအေးအေးဆေးဆေး နေချင် လို့ ဒီအရပ်ကိုရွေးချယ်ကြတာများတယ်။""ဟု ယင်းဒေသတွင် မကြာခဏ သွားရောက်အနားယူနေထိုင်သူ အန်တီနွယ်မှ ပြောပြခဲ့သည်။
ယာမြေ ခြံမြေ များခွဲခြားထားမှုအလိုက် မြေဈေးမှာ ကွဲပြားခြားနားသည်။လက်ရှိ မြို့ပေါ်နှင့်လှမ်းသောနေရာများမှ ယာမြေများမှာ
တစ်ကလျှင် သိန်း ၁၅၀ ကြားမှ သိန်း ၅၀၀ ဝန်းကျင်အထိ ဈေးခေါ်လျက်ရှိပြီး အရောင်းအဝယ်လည်းဖြစ်လျက်ရှိသည်။နေရာပေါ်မူတည်၍ ရောင်းဈေးခြားနားမှုတွင် ရန်ကုန်ကဲ့သို့ပင်ဖြစ်သည်။
""ဒီမှာ အရောင်းအဝယ်လုပ်တဲ့အခါ ပိုင်ဆိုင်မှု လုပ်ပေးတဲ့ အခါကြတော့ မြေစာရင်းမှာ မြေပုံထုတ်ပေးတယ်။နောက်တော့ အရပ်စာချုပ်ပုံစံပဲ လုပ်ပေးတယ်။မြေပုံထဲမှာ ပါတာ ကတော့ ယာမြေပဲ။ ဒါပေမယ့် ဒီမှာက ယာမြေပေါ် မှာဘဲ ခြံလည်းစိုက် လူလည်းအိမ်ဆောက်နေကြတာ ပဲလေ။ပြင်ဦးလွင်ရဲ့ အရသာကိုက ခြံစိုက်ပြီး ခုလိုနေရတာမျိုးပဲ။နောက် ရောင်းတဲ့ သူတွေကလည်း ဘယ်တော့မှ အကုန်မရောင်းပေးကြဘုး။ခြံစိုက် ဖို့ နေရာချန်ထားပြီးမှ ရောင်းပေးကြတာ။""ဟု ပြင်ဦးလွင် ခြံစိုက်စားနေသူတစ်ဦးမှ ပြောပြသည်။
မြို့ပေါ်နေရာများတွင်မူ ရောင်းသူများပြားနေသော် လည်း ခေါ်ဈေး မတန်တဆမြင့်မားမှုကြောင့် ဝယ်သူမရှိပေ။""ဈေးစွတ်အော်တယ်။နောက်ပြီး ကျယ်ကျယ်ဝန်းဝန်းမဖြစ်ဘူး။ဒါတွေကြောင့် ယာမြေတွေဘက်ကို ဈေးကွက်ရွေ့လာတယ်။မြို့ပြင်ရွာတွေကြတော့ အေးအေးချမ်းချမ်းနေရတယ်။အော်ဂဲနစ် စီးပွားရေးကလည်း ခေတ်စားနေတဲ့အခါကြတော့ အော်ဂဲနစ် စိုက်ဖို့အားသန်တဲ့သူတွေလာတယ်။ပြင်ဦးလွင်မှာက နှစ်ထပ်တိုက်ဆိုရင်တောင် ဘယ်သူမှမနေချင်ကြဘူး။""ဟု အန်တီနွယ်မှပြောသည်။
ပြင်ဦးလွင်ကဲ့သို့ပင် အခြားသောနယ်ဒေသများသည် လည်း ဈေးကွက်စီးဆင်းမှုအင်အား သိသာစွာ များပြားနေဆဲဖြစ်သည်။ငရုတ်ကောင်း ကျေးရွာ၊ ဂေါ်ရင်ဂျီ ကျေးရွာ၊ ပုဂံ ၊ ဘားအံ အစရှိသည့် ဒေသများသည်လည်း ရင်းနှီးမြုပ်နှံလိုသူတို့က စိတ်ဝင်တစားရှိ လာကြသည်ကိုတွေ့ရသည်။""ဘားအံ ဝါးပိုးတောကျေးရွာ ဆိုရင် ကားလမ်းဘေး သထုံ ဘားအံ ကားလမ်းဘေးကို ၂၀× ၆၀ကို သိန်း ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ လာမေးတဲ့သူတွေလည်းရှိတယ်။ မြို့ပြထက် စာရင်အေးချမ်းတာတွေကြောင့် လာဝယ်ကြတာ များတယ်။""ဟု ဝါးပိုးတောကျေးရွာ၌ မြေယာ ပိုင်ဆိုင်ထားသူ နော်အေးမူ မှ ပြောပြသည်။
လက်ရှိ ရန်ကုန်အပါအဝင် မြို့ပြများသည် လူနေမှုထူထပ်လာခြင်း၊ တန်ဖိုးနှုန်းမြင့်မားခြင်းတို့ကြောင့် အိမ်ခြံမြေသည် ပြင်ဦးလွင် ကဲ့သို့သော ရာသီဥတု အေးချမ်းကောင်းမွန်သည့်ဒေသနှင့် ရင်းနှီးမြုပ်နှံမှုကောင်းမွန်သော ဒေသများဘက်သို့ စိတ်ဝင်စားလာကြကြောင်း တင်ပြရေးသားလိုက်ရပါသည်။
မင်းဝသာန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com