ရှေးမြန်မာအိမ်များအကြောင်း ကိုပြောရလျှင် သယံဇာပေါကြွယ်ဝခဲ့သော မြန်မာ့ရေခံမြေခံကောင်းကိုတော့ ရှင်ပြုစဉ်က ဆောင်းခဲ့ရသည့် ရွှေထီးတ၀င်းဝင်းအကြောင်း မမေ့မလျော့ ထည့်ပြောမှ ပြီးပြည့်စုံသောကောက်ချက်ချခြင်း မည်ပေလိမ့်မည်။ အဘယ်ကြောင့်ဟူမူ မြန်မာပြည်သည် သစ်ပင်၊ ၀ါးပင်ကြီးများ တိုးမပေါက်အောင်ထူထပ်လှသည့် သစ်တောကြီးများ အထင်အရှားရှိသောနိုင်ငံဖြစ်သည်။ နေထိုင်ရန် အိမ်ရာဆောက်လုပ်ရာတွင် သစ်သားကို စိတ်တိုင်းကျအနေအထားရမှ အသုံးပြုသူများဖြစ်သည်။ သစ်ကောင်းဝါးကောင်း ဒေါင်ဒေါင်မြည်ရမှ နေထိုင်မည့်အိမ်ရာအတွက် အသုံးပြုရန်သင့်တော်သည်ဟု သတ်မှတ်သည်။ ထို့ပြင်လည်း မြန်မာ့ရေမြေသဘာဝသည် ရေနံ
ထွက်သောမြေဖြစ်ရကားသစ်သားအိမ်များ၏ ရေရှည်ခိုင်ခံ့မှုအတွက်အိမ်နံရံများ၊သစ်သားတိုင်များကို ရေနံသုတ်သောအလေ့အထက မထူးဆန်းလှသောဓလေ့ ဖြစ်နေသည်။
ရှေးမြန်မာသစ်သားအိမ်ကြီးများ၏ အသွင်အပြင်ကိုကြည့်လျှင် ရေနံဝ၍ မည်းညို့နေသောအရောင်အ၀ါက ခံ့ထည်မှုသနစ်ကို လှစ်ဟပြနေဘိသကဲ့သို့။ စိမ်းမြညိုမှောင်သော ရေနံချေးအတုံးအခဲများက အမြင်ညစ်ထည်းလှသော်လည်း ထိရောက်မှုအတိုင်းအတာကတော့ မြင့်မားလှချေ၏။ ပိုးမကိုက်၊ ခြမစားဘဲ နှစ်ပေါင်းများစွာတည်တံ့နေသည့် ဘုန်းတော်ကြီးကျောင်းများကို ယနေ့တိုင်တွေ့နေနိုင်သေးသည်မှာ ထင်ရှားသောသာဓက။ မိုးရာသီသီးခြားရှိ၍ ပူအိုက်စွတ်စိုခြင်း ရာသီသဘာဝနှင့်ပြည့်စုံသော မြန်မာ့ဥတုအနေအထားက
မြေအောင်းအင်းဆက်များ၏ပျော်စံရာမြေအဖြစ်လည်း စာရင်းပေါက်သေးသည်။ ခြအပါအ၀င် သစ်စားပိုးတို့က မြေပြင်နှင့်ထိစပ်နေသော သစ်သားအရင်းအမြစ်တို့ကို မှီခိုရှင်သန်ကြရသည်။ အိမ်ရာဆောက်လုပ်နေထိုင်သူတို့အနေဖြင့် ထိုအရေးကိုကာကွယ်ရန် အဖြေရှာသည့်အခါ ရေနံဝနေသောသစ်သားကို သစ်စားပိုးတို့ရှောင်ရှားကြကြောင်း တွေ့လာရသည်။ ထိုအခါ သစ်သားတို့သက်တမ်းရှည်စေခြင်းငှါ အိမ်ကိုရေနံချေးသုတ်သောဓလေ့ မြန်မာရှေးအိမ်များတွင် အမြစ်တွယ်လာတော့၏။
ထိုသောအခါ ကြီးမားကျယ်ဝန်းသော မြန်မာ့အိမ်ရာများသည် ရေနံချေးရောင်တမှောင်မှောင်ဖြင့် ခံ့ထည်ခြင်းရေချိန် တစ်ဆင့်တိုးခဲ့ရ၏။ ဘေးထွက်ဆိုးကျိုးအနေဖြင့် မီးဘေးအန္တရာယ်ကို မျက်လုံးပြူးမျက်ဆန်ပြူး ခံစားကြရတော့သည်။ သစ်သားဆိုသည်က မီးလောင်လွယ်သောလောင်စာတစ်ရပ်။ ထိုအထဲတွင် မီးလောင်မှုကိုအသေအလဲအားပေးသော ရေနံချေး ထပ်ဆောင်းလိုက်သောအခါ မီးလောင်မှုအတွက် ဖတ်စ်ကလပ်လောင်စာ ဖြစ်သွားရတော့သည်။ အိမ်ကြီးအိမ်ကောင်းဆိုသည်က အပေါ်ထပ်၊ အောက်ထပ် နှစ်ထပ်စလုံးကို ပျဉ်ချပ်ထူထူများ ကတန့်လန့်ဖြတ်ထောင်လျက် ကာထားစမြဲ။ ပျဉ်များကိုထောင်ပြီးဆောက်ထားသောအိမ်ဖြစ်၍ ပျဉ်ထောင်အိမ်ဟု သမုတ်ကြ၏။ အချို့ကြေးရတတ်များက နှစ်ထပ်မဆောက်၊ တစ်ထပ်တည်းကို ကျယ်ကျယ်ဝန်းဝန်းဆောက်သည်။ ထိုအိမ်များကလည်း ရေနံချေးဝအောင် သုတ်ကြမြဲ။ ပျဉ်ထောင်မတတ်နိုင်သည့် ပျဉ်ခင်းထရံကာအိမ်များရော၊ ထရံကာဝါးကပ်ခင်းအိမ်များပါ ရေနံချေးသုတ်ကြသဖြင့် အဲဒီခေတ်ကမြန်မာရပ်ကွက်များမှာ ဘယ်သူပြိုင်လို့မည်းပါတော့နိုင် ဖြစ်နေလေတော့ပေချိမ့်။
သည်လိုမှ ရေနံမသုတ်လျှင်လည်း သစ်သားအိမ်တို့သက်တမ်းက သိပ်ခံနိုင်ဖွယ်မမြင်။ အဆိုးဆုံးကတော့ အတွင်းသို့တမြည့်မြည့်လှိုက်စားတတ်သည်ဟု
ကျော်ကြားသော ခြ ဖြစ်၏။ ခြစွဲသွားသည်ဟုဆိုလျှင် တိုတောင်းသောကာလအတွင်း အတွင်းမှ အဆီအသားအားလုံးကို ကုန်အောက်စားပစ်လိုက်၏။ လူတို့မသိလိုက်အောင် ပုံမပျက်ပန်းမပျက်ဖြစ်နေရကား တော်ရုံနှင့်သတိမပြုမိ။ အဆီအသားကုန်၍ ပင့်မထောက်ကူအား မရှိတော့ပြီဆိုသောအခါ အမှီပြုနေရသောအစိတ်အပိုင်းတို့ ယိမ်းယိုင်ခြင်း၊ ပြိုလဲခြင်းတို့ကြုံရမှ မသိမဖြစ် သိရတော့သည်။
သိသည့်အချိန်မှာတော့ ပြင်ဆင်ဖွယ်မတတ်နိုင် အသစ်သာလဲရတော့၏။ထိုအဖြစ်တို့ကိုရှောင်ရှားရန် သစ်သားကိုရေနံသုတ်သောအခါ မီးလောင်မှုအန္တရာယ်ကို လက်ယပ်ခေါ်နေသလိုရှိတော့၏။ မြန်မာအိမ်တို့အနေဖြင့် မီးကို စည်းမဲ့ကမ်းမဲ့သုံးစွဲသည်တော့မဟုတ်။ မီးဖိုဆောင်သည် များသောအားဖြင့် မြေစိုက်အဖီဖြစ်၏။ ထင်းကိုအဓိကထားသုံးစွဲသောလူမျိုး ဖြစ်သည့်အားလျော်စွာ မီးဖိုဆောင်ထဲတွင်ဖြစ်စေ၊ မီးဖိုဆောင်နှင့်မလှမ်းမကမ်းတွင်ဖြစ်စေ ထင်းစင်ထားရှိသည်။ ထင်းမီးကိုသုံးရခြင်းဖြစ်၍ မီးမွှေးခါစ အရှိန်ယူချိန်တွင် မီးညွန့်ကြီးကြီးတောက်၏။ ထိုမီးက မီးဖိုဆောင်ထရံကိုဟပ်ကာ မီးလောင်ကျွမ်းမှုဖြစ်ရသည်။ ရှေးခေတ် အိမ်ရာမီးလောင်မှုများသည် မီးဖိုမီးမှအစပြုခြင်း များသည်။ တစ်ခါတစ်ရံ မီးညွန့်ဟပ်ခြင်းမျိုးမဟုတ်ဘဲ မီးဖိုထဲထည့်ထားသောထင်းသားက မီးပေါက်သောအသားဖြစ်နေသဖြင့် မီးပွားလွင့်ပြီး လောင်ရခြင်းမျိုးလည်း ရှိ၏။
ထိုစဉ်က လျှပ်စစ်မီးလည်းမရှိသေး။ ထို့ကြောင့် ၀ိုင်ယာရှော့ဖြစ်စရာလည်းမရှိ။ အလင်းရောင်အတွက် မီးခွက်၊ မီးတိုင်များကို သုံးကြသည်။ ထို မီးခွက်၊ မီးတိုင်များ လဲကျခြင်းကြောင့် လောင်သောမီးကလည်း မီးဖိုမှလောင်သောမီး၏နောက်မှ လိုက်သည်။
ထို့ပြင်လည်း မြန်မာ့ဓလေ့စရိုက်တစ်ခုဖြစ်သော
ဆေးလိပ်ယဉ်ကျေးမှုက မီးလောင်ခြင်း၏ရင့်းမစ်တစ်ခု ဖြစ်ပြန်၏။ ဆေးရိုးကိုနုတ်နုတ်စဉ်း၍ ဆေးရွက်ထဲထည့်လိပ်ကာ အစီခံတပ်ပြီး မီးညှိဖွာရှိုက်ရသော ဆေးလိပ်သောက်ခြင်းဓလေ့သည် မြန်မာ့လူ့အဖွဲ့အစည်း၏ထင်ရှားသောပုံရိပ်ဖြစ်ခဲ့သည်။
ဆေးလိပ်ဆိုသည်ကလည်း ယခုခေတ်ဆေးပေါ့လိပ်များကဲ့သို့ လက်ညှိုးနှစ်ပြန်စာမျှလောက်သာမဟုတ်၊ အနည်းဆုံး တစ်ထွာမှ တစ်တောင်ခန့်အထိ ရှိသော ဆေးပေါ့လိပ်များဖြစ်သည်။ သည်တော့ မီးပွားက လွင့်၏။ ပြောင်းဖူးဖက်ဖြင့်လိပ်သော ပြောင်းဖူးဖက်ဆေး
လိပ်ကြီးများဆိုလျှင် သောက်နေရင်းနှင့်ပင် မီးရူးမီးပန်းလွှတ်နေသလား ထင်ရလောက်အောင် တဖောက်ဖောက်အသံပေး၍ မီးပွါးများတဖွားဖွားလွင့်ပျံ၏။ ထိုဆေးလိပ်များက သောက်နေရင်းမှ ထလောင်သည်တော့မဟုတ်၊ သောက်ပြီးချထားသောဆေးပေါ့လိပ် လိမ့်သွားရာမှ အ၀တ်၊ စက္ကူတို့ စွဲလောင်သည်ကို မသိလိုက်ရာမှ အိမ်ကိုမီးကူးခြင်းဖြစ်တတ်သည်။
မည်သို့သောနည်းများမှအစပြု၍ လောင်သည်ဖြစ်စေ မြန်မာရပ်ကွက်မီးလောင်ပြီဆိုလျှင် ဆုံးရှုံးမှု ကျယ်ပြောများပြားလှသည်။ မြန်မာအိမ်တွေက သစ်၊ ၀ါး၊ ထရံ၊ သက်ငယ်၊ ဓနိတို့ကို အသုံးပြုဆောက်လုပ်ခြင်းဖြစ်ရာ နဂိုကတည်းက မီးကြိုက်သောလောင်စာများ ဖြစ်နေ၏။ ထိုလောင်စာများကို ရေနံဝအောင်သုတ်ထားပေးလိုက်သောအခါ လောင်ရတာတောင်အားမရနိုင်စရာဖြစ်သွားတော့သည်။ မြန်မာရပ်ကွက် မီးလောင်ပြီဆိုလျှင် တစ်အိမ်နှစ်အိမ်လောက်နှင့်တင်းတိမ်ရပ်ဆိုင်းသွားခြင်းမရှိ၊ အလောင်မြန်သလို အကူးလည်းမြန်၏။ သည်တော့ မြန်မာတို့သည် မီး ဆိုသောအသံ ကြားသည်နှင့် နားကြောစိမ့်အောင်ကြောက်ကြတော့သည်။ မီးဆိုသည်ကလည်း မျက်နှာကြီးငယ်လိုက်နေသည်မဟုတ်၊ အားလုံးကို တစ်ပြေးညီလောင်ကျွမ်းစေနိုင်စွမ်းရှိ၏။ သူခိုးဓားပြရန် ဆိုက်ရောက်သည်ကမှ သူတို့မလိုချင်၍ယူမသွားသောပစ္စည်းများ ကျန်ခဲ့နိုင်သေးသည် မီးလောင်လို့ကတော့ အားလုံးပြာအဖြစ်ဘ၀ပြောင်းတော့သည်။ ထို့ကြောင့်လည်း "လူခိုးရင် အစုတ်ကျန်၊ မီးခိုးတော့ အပြုတ်နှံ" ဟူသည့် ဆိုရိုးစကား ခိုင်မြဲလာခြင်း။
သည်ဘက်ခေတ် အုတ်နှင့်ဆောက်သောတိုက်များကတော့ မီးအန္တရာယ်ကိုအထိုက်အလျောက်သက်သာစေ၏။ ငြှိမ်းသတ်၍မနိုင်လောက်အောင်ကြီးသော မီးမျိုးမှအပ မိးလောင်မှုတော်တော်များများမှာ ဘေးသို့သိပ်ကူးသည်မရှိ။ မိမိအိမ်မှ စမလောင်သရွေ့ ဆုံးရှုံးမှုပြင်းအား သိပ်မြင့်မားလှမည်မဟုတ်။ ယုတ်စွအဆုံး အိမ်ထဲမှပစ္စည်းများ သယ်ချိန်ပိုးချိန်၊ ပြောင်းချိန်ရွှေ့ချိန် ရသေးသည်။ တစ်ခုတော့ရှိ၏၊ လောင်နေသောအိမ်မှ ဓာတ်ငွေ့ဘူးစသည် ပေါက်ကွဲမှုရှိပြီဆိုလျှင်တော့ အသက်လုပြေးရုံသာ။
ရန်သူမျိုးငါးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော မီးဘေးသည် ရှေးကလည်းခြိမ်းခြောက်သည်၊ ယခုလည်း ခြိမ်းခြောက်နေမြဲ။ ယခင်က ထင်းမီး၊ မီးသွေးမီး၊ ဆေးလိပ်မီးပွားမီး မှသည် ယခု ရေခဲသေတ္တာ၊ လေအေးပေးစက်၊ လျှပ်စစ်မီးပူ တို့အထိ မည်သို့သောမီးမျိုးမှအစပြုသည်ဖြစ်စေ လောင်ကျွမ်းမှုပြင်းအားကတော့ အတူတူပင်ဖြစ်သည်။ သိုလှောင်ထားသောလောင်စာဆီများ၊ ဂက်စ်အိုးများ ပေါက်ကွဲခြင်းက ပိုသေးသည်။ သည်တော့ မီးဘေးကိုကြိုတင်ကာကွယ်သည့်အနေဖြင့် တစ်နိုင်တစ်ပိုင်မီးသတ်ဆေးဘူးများ ၀ယ်ယူကာ ဆောင်ထားကြသည်။ သုံးစွဲသော လျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်၍ သတိမပြတ်ထားကာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ကြသည်။ အဂ္ဂိတောဝါက အိမ်ထဲရှိအရာဝတ္ထုပစ္စည်းများကိုသာမက ဘ၀များကိုလည်း လောင်ကျွမ်းစေနိုင်စွမ်း ရှိသည်လေ။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com