ထိုင်းနိုင်ငံသည် ပုံမှန်အားဖြင့် ဧပြီ၊ မေလများအတွင်း ပူအိုက်လှသည့် ရာသီဥတုရှိသောနိုင်ငံဖြစ်သော်လည်း ယခုနှစ်နွေရာသီကား လွန်ခဲ့သော ၆၅ နှစ်တာကာလ အပူချိန်သမိုင်းကို ကြည့်မည်ဆိုလျှင် အမြင့်မားဆုံးအထိ မြင့်တက်ခဲ့ပြီး နေ့စဉ်အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် အနည်းဆုံးရှိနေသည်။
ထိုင်းလျှပ်စစ်ဓာတ်အားပေးအာဏာပိုင်အဖွဲ့ (Egat) က ထုတ်ပြန်ရာတွင် ထိုင်းနိုင်ငံတွင် ၆၅ နှစ်တာကာလအတွင်း အပူချိန်မြင့်မားမှုကာလ အရှည်ကြာဆုံးပေါ်ပေါက်နေ သည့်အခြေအနေများကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ လည်း စံချိန်တင် မြင့်တက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
ရာသီဥတုပူပြင်းမှုကြောင့် လေအေးပေးစက်၊ ပန်ကာ၊ ရေခဲသေတ္တာများ ပိုမိုဝယ်ယူသုံးစွဲလာခြင်း၊ သုံးစွဲချိန်ကြာမြင့်လာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်း ဖြစ်သည်။
ဧပြီ ၂၆ ရက်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏ ၂၉၀၀၄ ဒသမ ၆ မဂ္ဂါဝပ်အထိ ရှိနေသည်။
ထိုင်းနိုင်ငံတစ်ဝန်း အပူချိန်အမြင့်တက်ဆုံးအချိန်မှာ နေ့လယ် ၂ နာရီ ၀န်းကျင်ဖြစ်ပြီး ပျှမ်းမျှအားဖြင့် ၃၈ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ် ရှိသည်။
လာမည့်သီတင်းပတ်အတွင်း ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၂၉၂၀၀ မဂ္ဂါဝပ်အထိ စံချိန်တင်ဖွယ်ရှိကြောင်း Egat မှ အကြီးအကဲ ဆွမ်ချိုင်း ကမ်နွန်ဆိပ် က ပြောကြား သည်။
အပူချိန်စံချိန်တင်မှုနှင့်အတူ အပူလှိုင်းမှာလည်း ၁၉၆၀ နောက်ပိုင်း အမြင့်ဆုံးမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်ပေးနိုင်မှု စွမ်းအားမှာ ၃၂၀၀၀ မဂ္ဂါဝပ်ဖြစ်သည်။
ယခုလအတွင်း နေ့စဉ်ပျှမ်းမျှအပူချိန်မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ် ဖြစ်သည်။
အပူချိန်မြင့်တက်မှုများကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်တက်မှုသာမက အခြားပေါ်ပေါက်လျက်ရှိသည်တို့မှာ အစားအသောက်မှားမှုကြောင့် နာမကျန်းဖြစ်ခြင်း၊ ရေရှားပါးခြင်း ပြဿနာများဖြစ်ကြသည်။
ထိုင်းအစိုးရက လျှပ်စစ်ဓာတ်အားကို ပိုမိုထောက်ပံ့ပေးနိုင်ရန် ပြင်ဆင်ထားသော်လည်း နေ့လည် ၂ နာရီမှ ၃ နာရီကြားအတွင်း တစ်နာရီခန့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲကြရန် တိုက်တွန်းထားသည်။
ယင်းသို့ အပူချိန်မြင့်တက်လျက်ရှိသည်မှာ ထိုင်းနိုင်ငံတစ်ခုတည်းမဟုတ်ဘဲ အရှေ့ တောင်အာရှနိုင်ငံအားလုံးတွင် ကြုံတွေ့ရလျက်ရှိပြီး အယ်လ်နီညိုရာသီဥတုပေါ်ပေါက်မှုကြောင့်လည်း ဖြစ်သည်။
အရှေ့ တောင်အာရှသည် အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားဖြစ်ရမှုများ မကြာခဏရင်ဆိုင်ရလျက်ရှိသော ဒေသကြီး ဖြစ်သည်။
ရာသီဥတုပူပြင်းချိန်တွင် ရေခဲသေတ္တာများအတွင်း၌ ထည့်သွင်းမထားသော အစားအသောက်တို့တွင် ဘက်တီးရီးယားပေါက်ဖွားမှုများ များပြားစွာ ဖြစ်ပွားနိုင်ရာ အစားအသောက်ကြောင့်ဖြစ်ပွားသည့် အစာအဆိပ်သင့်မှုများ၊ အစားအသောက်မှားကာ နာမကျန်းဖြစ်ခြင်းများ ကြုံတွေ့ရနိုင်ကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)