၂၀၁၅ နှစ်လယ် ဝန်းကျင်တွင် နိုင်ငံခြားငွေကြေးတန်ဖိုးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၁၁၀၀ ဝန်းကျင်မှ ၁၂၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်သွားခဲ့သည်။ထိုမှတစ်ဖန် ၂၀၁၅ နှစ်ကုန်ကာလတွင် ၁၃၀၀ ကျပ်အထိ ဒေါ်လာငွေဈေး မာနေခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး နိမ့်ဆင်းလာခဲ့သည်။သို့သော် အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် မြန်မာငွေကြးသည် အတန်အသင့်ပြန်လည် ခိုင်မာလာခဲ့သည်။
၂၀၁၆ ဧပြီလ နောက်ဆုံးပတ်တွင် တစ်ဒေါ်လာလျှင် ၁၁၆၉ ကျပ်အထိ မြန်မာငွေကြေးပြန်လည်ခိုင်မာလာခဲ့သည်။ယခုနှစ် အတွင်း၌ မြန်မာ့ငွေလဲနှုန်းထားတန်ဖိုးမှာ လက်ရှိပိုမို ခိုင်မာလာနိုင်ဖွယ်လည်းရှိနေသည်။အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာမှ ပံ့ပိုးကူညီပေးမည့် ငွေကြေး ဘီလျံချီ ပမာဏများကြောင့်ဖြစ်သည်။ထို့ပြင် မြန်မာ့ငွေတန်ဖိုးမှာ လက်ရှိအနေအထားထက် ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း Forbes မဂ္ဂဇင်းကြီးမှ ခန့်မှန်းသုံးသပ်ထားသည် ကိုတွေ့ရသည်။အစိုးရသစ်အားအကူအညီပေးမည်ဟုဆိုထားသော ကမ္ဘာ့နိုင်ငံများမှ ဝင်ရောက်ကူညီမည့်ငွေမှာ ကန်ဒေါ်လာ ၉၆ ဘီလျံခန့်ရှိကြောင်း Forbes ၏ ဖော်ပြချက်တွင်ပါရှိသည်။
ကျပ်ငွေတန်ဖိုး ဖောင်းပွမှု၊မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းမှုတို့ကြောင့် ပြည်တွင်း အိမ်ခြံမြေ ဈေးသည် အမြင့်ပိုင်း၌သာ ပုံမှန်ရပ်တည်နေခဲ့သည်။ ယင်းအနေ အထား မှသည် မြန်မာ့ကျပ်ငွေ တန်ဖိုးပြန်လည်ခိုင်မာလာ ပါက အိမ်ခြံမြေ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာမည်ဟု အချို့မှ သုံးသပ်နေကြသည်။ သို့သော် ယင်း အချက်သည် တိုက်ရိုက်ကျခြင်းမရှိကြောင်းလည်း အိမ် ခြံ မြေ အကျိုးဆောင်များမှပြောသည်။
""ဒေါ်လာဈေးက ကျလာဖို့ရှိတယ်။ ဒါပေမယ့်ဒေါ်လာဈေးကျ ရင် အိမ်ခြံမြေဈေးက လုံးဝ ကျသွားမယ်လို့ပြောလို့ မရဘူး။ဘာကြောင့်လဲဆိုရင် ဒေါ်လာဈေးကျလာတာနဲ့ တစ်ပြိုင်နက် တစ်ခြားသော ပစ္စည်းတွေ အားလုံးဈေးကျကုန်တာလေ။ အဲဒီတော့ အိမ် ခြံ မြေ ဈေးက ကျသွားတာမျိုးမဟုတ်ဘဲ လိုက်လျော ညီထွေဖြစ်မယ့်ဈေးအနေအထား၊အဲဒီကျလာတဲ့ဈေးအနေအထားမှာ ရှိသင့်တဲ့တန်းတစ်ခုမှာ သွားပြီးတော့ တည်နေမှာဘဲ။အဲဒီတော့ ဒေါ်လာဈေးကျပြီး မြန်မာငွေကြေးမာရုံနဲ့ အိမ် ခြံ မြေဈေးက ရုတ်တရက်ကျ ဆင်းသွားတာမျိုးတော့ ဖြစ်မလာနိုင်ဘူး။နည်းနည်းပါးပါး တော့ ကျဆင်းလာနိုင်တယ်။""ဟု စိုးစံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်း က ပြောသည်။
ယမန်နှစ်အခြေအနေတွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ရာ၌ ၂၀၁၅ နှစ်စတွင် GDP ၏ ၈.၅ ရာခိုင်နှုန်းထိ တက်လာခဲ့သည်။ယင်း ကဲ့သို့တိုးလာခြင်းသည် အိမ် ခြံ မြေ ကဏ္ဍကြောင့်တိုးတက်လာခြင်းမဟုတ်ဘဲ ပြည်ပမှဝင်လာသော ဆက်သွယ်ရေးကုမ္ပဏီများကြောင့် တိုးပွားလာခြင်းဖြစ်ခဲ့ကြောင်းပြည်တွင်းစီးပွားရေး လေ့လာသူများကပြောသည်။ငွေကြေး ဖောင်းပွမှုနှင့် တစ်ဦးချင်းဝင်ငွေတိုးမှုကြောင့် ဈေးကွက်အေးနေသော အိမ်ခြံမြေ ကဏ္ဍသည် အကယ်၍ ကျပ်ငွေတန်ဖိုးမာလာပါက အရောင်းအဝယ်ပိုမိုမြန်ဆန်သွက်လက်လာဖွယ်ရှိကြောင်း ပြည်တွင်းအိမ်ခြံမြေ လုက်ငန်းရှင်များမှ ပြောပြသည်။
""ငွေကြေးမာသည်ဖြစ်စေ၊မမာဘူးဖြစ်စေ အိမ် ခြံ မြေ ဈေးကတော့ အတက်အကျ ကြမ်းစရာမရှိဘူး။ဘာကြောင့်လဲဆို အစိုးရသစ် အဓိက လုပ်ရမှာက ဈေးနှုန်းတည်ငြိမ်ဖို့ပဲထိန်းသိမ်းပေးရမှာပါ။ဒီဟာကလည်း တစ်ခုတည်းလုပ်လို့မရဘူး။ လုပ်ရမယ့် အရာတွေကအများကြီး။ အပြန်အလှန် ဆက်စပ်မှုတွေလည်း အများကြီး။ လုပ်ရမယ့်အရာတွေ အများကြီးပေါ့။ဈေးနှုန်းက လက်ရှိမှာလည်း တအိအိပုံစံမျိုးနဲ့ သွားနေတယ်။ အတက်အကျ မကြမ်းဘူး""ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးစိုင်းခွန်နောင် မှ ပြောပြသည်။
လက်တလောတွင် အိမ် ခြံ မြေ ဈေးကွက် မှာ ဈေးကွက် ပျက်နေကြောင်းအများကပြောဆိုနေကြသော်လည်း အမှန်တကယ်တွင်မူ ပုံမှန်အနေအထားဖြင့် ဆက်လက်သွားနေကြောင်းသိရှိရသည်။ သို့သော် ၂၀၁၆ ၏ တိုးမြှင့်ကောက်ခံလိုက်သော အခွန်ကြောင့် အတန်ငယ် ထိခိုက်နေကြောင်းလည်း စုံစမ်းသိရှိရသည် ။နိုင်ငံခြားငွေတန်ဖိုး ကျဆင်းသွားချိန်တွင် အိမ် ခြံ မြေ ဈေး လှုပ်ခတ်နေသော်လည်း အခွန်ငွေကြောင့် အရောင်းအဝယ်မှာ ရောက်သင့်သည့် ခရီးထိ ရောက်နိုင်မည်မဟုတ်ပေ။
""၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ စတင်တိုးမြှင့်လိုက်တဲ့ အခွန်က ၅၀ ရာခိုင်နှုန်းလောက် မြင့်သွားတယ်။ အကျိုးဆက်က ဘယ်သူမှ အခွန်မဆောင်ချင်ကြဘူး။ အဲဒီအခါ တရားမဝင်ရောင်းရေးဝယ် တာတွေ ပေါ်လာ တယ်။ဒါတွေဟာ ရောင်းဝယ်မှုမှာ ကြာရှဘ်ဆို ထိခိုက်လာမယ်။ တိုင်းဒေသကြီး အစိုးရကလည်းပြော ထားပါတယ်။ပြည်သူတွေနဲ့ သဟဇာတ မဖြစ်တဲ့ ဥပဒေ တွေပြင်ပေးမယ်လို့ပြောထားတယ်။ ကျွန်တော် တစ်ဦးတည်းအနေနဲ့ မြင်တာကတော့ ပြန်ပြီးလျှော့ချ ပေးမယ်လို့ယုံကြည်တယ်။""ဟု စိုင်းခွန်နောင် အိမ် ခြံ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ မှ ပြောကြားခဲ့သည်။
အကယ်၍ မြန်မာကျပ်ငွေ ဈေး နှုန်း တန်ဖိုးပြန်လည်မြင့်မား လာပါက အိမ် ခြံ မြေ ဈေးနှုန်းများအပြင် ကုန်ပစ္စည်းဈေးနှုန်းများ၊ အခြားသော ဆက်စပ်ကုန် ပစ္စည်းများ၏ဈေးနှုန်းများ မှာလည်း လျော့ကျလာ ဖွယ်ရှိကြောင်း သုံသပ်ရေးသား လိုက်ရပါသည်။
မင်းဝသန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com